နေပြည်တော် ဇူလိုင် ၈
ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်(တပ်ကုန်း)ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား မြေနေရာတွင်ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် ပြန်ကြားရေးဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲကို တတိယအကြိမ် စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့်နွေရာသီတွင် မြန်မာနိုင်ငံ၌အယ်လ်နီညို ဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ရပြီး အစွန်းရောက်ရာသီ ဥတုဖြစ်စဉ်များ ဖြစ်ပွားခဲ့သဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြို့များသည် ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် ထိပ်တန်းမှပါဝင်လာခဲ့ကြောင်း။
သုံးနှစ်ဆက်တိုက် စီစဉ်ကျင်းပ
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတည်ရှိသည့် နေပြည်တော်၊ တပ်ကုန်းမြို့နယ်သည်လည်း ပူပြင်းခြောက်သွေ့သောဒေသတွင် ပါဝင်သဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၏ သစ်ပင်စိုက်ပျိုးပွဲများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားပိုင် မြေနေရာတွင် သုံးနှစ်ဆက်တိုက်ရွေးချယ်သတ်မှတ်ပြီး စီစဉ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ရှိပြီးသစ်ပင်များကို ထိန်းသိမ်းမှုအပြင် နှစ်စဉ်သစ်ပင်စိုက်ပျိုးမှုများ ပြုလုပ်လာခြင်းကြောင့် ယခုအခါတောအုပ်တစ်ခု အတွင်းသို့ ရောက်ရှိလာသကဲ့သို့ စတင်မြင်တွေ့လာရပြီဖြစ်ပါကြောင်း။
သစ်ပင်သစ်တောများကို ပြုစုပျိုးထောင်ထိန်းသိမ်းလာနိုင်မှုနှင့်အညီ စိမ်းလန်းစိုပြည်လာပြီး ရာသီဥတုမှန်ကန်လာမှုကိုလည်း မျက်မြင်တွေ့မြင်သိရှိကြပြီး ဖြစ်ပါကြောင်း၊ သစ်ပင်သစ်တော များ၏ အကျိုးကျေးဇူးနှင့်တန်ဖိုးကို သိရှိနားလည်ပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊ သာယာလှပစေရန်၊ သဘာဝပတ်ဝန်းကျင်ကောင်းမွန်စေရေး အထောက်အကူပြုနိုင်ရန်၊ ဂေဟစနစ်ကို ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်ချက်များနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို နိုင်ငံတော် အကြီးအကဲကိုယ်တိုင်ဦးဆောင်ပြီး နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်မိုးရာသီတွင် နိုင်ငံပိုင် သစ်တောစိုက်ခင်းများ အပါအဝင် တစ်နိုင်ငံလုံးတွင် သစ်ပင်ပေါင်း ၂၂ သန်း စိုက်ပျိုးတည်ထောင် နိုင်ရန် စီစဉ်ဆောင်ရွက်နေပါကြောင်း။
“ပူနွေးကမ္ဘာ တားဆီးရာ ဖြေရှာတစ်ခုတောပြုစု” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရန်အတွက် သစ်တောများ၏အရေးပါမှုကို သိရှိနားလည်ပြီး စိုက်ပျိုးခဲ့ကြသည့် သစ်ပင်များအားလုံး ရှင်သန်စေရန်အတွက် စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ပေးကြရန်နှင့် ရှိပြီးဖြစ်သော သဘာဝတောကျန်သစ်ပင်များကိုလည်း အားလုံးဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားသည်။
စိုက်ပျိုးမည့်ပျိုးပင်များ ခွဲဝေပေးအပ်
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြန်ကြားရေးဝန်ကြီးဌာနရှိ ဌာနဆိုင်ရာများအလိုက် စိုက်ပျိုးမည့်ပျိုးပင်များကို ခွဲဝေပေးအပ်ရာ ဝန်ကြီးရုံး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့မှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က လက်ခံရယူကြသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအတွက် ပျိုးပင်များကို သစ်တောဦးစီးဌာန နေပြည်တော်ဥတ္တရခရိုင် ဦးစီးမှူး ဦးကျော်ကျော်အောင်က လွှဲပြောင်းပေးအပ်ရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က လက်ခံရယူသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီးတို့က မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုးပေးကြပြီး အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များက သစ်ပင်/ ပျိုးပင်များကို ဆက်လက်၍ စုပေါင်းစိုက်ပျိုးကြသည်။
စုပေါင်းသစ်ပင်စိုက်ပျိုးနေမှု ကြည့်ရှုအားပေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးကြသည်။
ယင်းနောက် ငါးမျိုးစိုက်ထည့်ပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ငါးကန်တွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က ငါးမျိုးများကို ဦးစွာစိုက်ထည့်ပေးကြပြီး ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများနှင့် မိသားစုများက ငါးမျိုးများကို ဆက်လက်စိုက်ထည့်ပေးကြသည်။
ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ဆိတ်ကောင်ရေ ၂၃၆ ကောင်နှင့် ဘဲကောင်ရေ ၅၀၀ မွေးမြူထားရှိမှုကိုကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများသက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်ရေး ထိရောက်အောင် စီစဉ်ဆောင်ရွက်ရန် မှာကြားသည်။
ငါးသားပေါက်ကောင်ရေ ၅၀၀၀ ငါးမျိုးစိုက်ထည့်
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်/ ပျိုးပင်ပေါင်း ၁၆၀၀ စိုက်ပျိုးခဲ့ကြောင်း၊ ဒုတိယအကြိမ်တွင် သစ်ပင်/ပျိုးပင်ပေါင်း ၁၄၀၀ နှင့် စိန်တစ်လုံးသရက် ပျိုးပင် ၆၂၅ ပင် စုစုပေါင်းသစ်ပင်ပျိုးပင်ပေါင်း ၂၀၂၅ ပင် စိုက်ပျိုးမှုနှင့်အတူ ထိုင်းငါးခုံးမ ငါးသားပေါက် ကောင်ရေ ၅၀၀၀ ကိုလည်း ငါးမျိုးစိုက်ထည့်နိုင်ခဲ့ကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် တတိယ အကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်/ပျိုးပင်ပေါင်း ၁၅၀၀ နှင့် စိန်တစ်လုံးသရက်ပင် ၅၀၀ စုစုပေါင်း သစ်ပင်/ ပျိုးပင်ပေါင်း ၂၀၀၀ စိုက်ပျိုးခဲ့ပြီး ငါးမျိုးစိုက်ထည့်ပွဲတွင် ထိုင်းငါးခုံးမ ငါးသားပေါက်ကောင်ရေ ၅၀၀၀ ကို ငါးမျိုး စိုက်ထည့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ Virtual Studio တွင် တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း (NRC) မှ ကချင်တိုင်းရင်းသား၊ တိုင်းရင်းသူဝန်ထမ်းနှစ်ဦး၏ “ကချင်မြေကိုလာပါ” ၊ ချင်း တိုင်းရင်းသား၊ တိုင်းရင်းသူဝန်ထမ်းနှစ်ဦး၏ “ချင်းတောင်တန်းမှ ကြိုဆိုပါ၏” နှင့် ရှမ်းတိုင်းရင်းသား၊ တိုင်းရင်းသူဝန်ထမ်းနှစ်ဦး၏ “လမ်းမုန်း ရိုးရာပွဲ” တေးသရုပ်ဖော် ရိုက်ကူးမှုတို့ကို ကြည့်ရှုအားပေးသည်။
ဝန်ထမ်းများနှင့်အတူ နေ့လယ်စာသုံးဆောင်
ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စားရိပ်သာတွင် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာ သုံးဆောင်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ အစည်းအဝေးခန်းမ၌ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအတွက် လိုအပ်သော ပစ္စည်းများ တင်ဒါတင်သွင်းရန် အောင်မြင်ခဲ့ကြသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အရည်အသွေး မှန်ကန်ကောင်းမွန်သည့် ပစ္စည်းအမျိုးအစားကို သတ်မှတ်ချိန်အရောက် အချိန်မီတင်သွင်းနိုင်ရေး အလေးထားဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Auditorium ခန်းမ၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများက “အားလုံးချစ်သည် MRTV” ၊ “သီချင်းများပေါင်းစပ် ဟာသတစ်ခန်းရပ်” တေးသရုပ်ဖော်နှင့် “MRTV နှင့် ကောင်းသောနေ့” တေးသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်မှုကို လည်းကောင်း၊ “ ချစ်စရာ့အရွယ်ကစားကြမယ် ” ကလေးများ အစီအစဉ် ရိုက်ကူးထုတ်လွှင့်နိုင်ရန် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုနှင့် စမ်းသပ်ရိုက်ကူးမှုကိုလည်းကောင်း ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲဝင် မူကြိုကလေးငယ်များအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့သည်။
သတင်းစဉ်