နေပြည်တော် ဇူလိုင် ၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများကို နေပြည်တော်ရှိပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှ အွန်လိုင်းဖြင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာ မိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းများဖွင့်လှစ်ခဲ့သည့် တစ်လကျော်ကာလအတွင်း စာသင်ခန်းများတွင် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားသင်ယူနေကြပြီဖြစ်ကြောင်း၊ အခြေခံပညာကျောင်းသား ကျောင်းသူ ၇ ဒသမ ၄ သန်းခန့် အေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်ပေးခဲ့ကြသည့် ဆရာ ဆရာမများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက် ပါကြောင်း၊ မိမိတို့ဝန်းကျင်တွင်ရှိသည့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းသို့ရောက်ရှိရေး၊ KG+9 အခြေခံပညာအလယ်တန်းအဆင့် ပညာသင်ယူပြီးမြောက်ရေးအတွက်လည်း ဆက်လက်၍ ဝိုင်းဝန်းလက်တွဲ ကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း။
ဆရာ ဆရာမများအနေဖြင့် မိဘမဲ့ကလေးများ၊ ပရဟိတကျောင်းများမှ ကလေးများ၊ စစ်ဘေးရှောင်ကလေးများ ကျောင်းသို့ရောက်ရှိလာသည့်အခါ စိတ်ဓာတ်ခွန်အားပေး၍ နွေးနွေးထွေးထွေးဖေးမကူညီစောင့်ရှောက်ပေးကြစေလိုကြောင်း၊ ဆရာ ဆရာမဟူသည် ကျောင်းသား ကျောင်းသူများ၏ ပဲ့ကိုင်ရှင်များဖြစ်သဖြင့် ကျောင်းသား ကျောင်းသူများ တိုင်းချစ်ပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိစေရန်၊ မိမိယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းစောင့်ရှောက်စေရန်၊ မိဘ၊ ဆရာနှင့် အသက်ကြီးသူများအပေါ် ဂါရဝတရားရှိစေရန် ဆုံးမပဲ့ပြင် ပေးကြစေလိုကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဟူသော ဆောင်ပုဒ်သည် ပညာရေးဝန်ကြီးဌာနတစ်ခုလုံးအတွက် ကိုယ်စားပြုပါကြောင်း၊ ဆရာ ဆရာမများကိုယ်တိုင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာအရည်အသွေးများ တိုးတက်မြင့်မားအောင် ကြိုးစားအားထုတ်၍ မိမိတို့ သင်ကြားလိုက်သည့် တပည့်ကျောင်းသား ကျောင်းသူများကို စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ အရည်အသွေးများတိုးတက်မြင့်မားသူများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း။
လူငယ်များ၏ ကောင်းသောအသိကိုမြှင့်တင်ကာ ပညာသတိ၊ ယဉ်ကျေးလိမ္မာ အသိရှိအောင် သင်ပြလေ့ကျင့်ပေးကြစေလိုကြောင်း၊ တက္ကသိုလ်များ၊ ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး၊ ချုံပုတ်များ ကင်းစင်ရေးအတွက် အလေးထား ဆောင်ရွက်ရန်နှင့် မိုးတွင်းကာလ ဖြစ်၍ စာသင်ဆောင်၊ ကျောင်းဆောင်များနှင့် မလွတ်ကင်းသည့် သစ်ပင်ကြီးများရှိပါက မလွတ်ကင်းသည့် သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်း၍ အလင်းဖွင့်ပေးရန်လိုကြောင်း၊ ပညာရေး ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အစိုးရ၏မူဝါဒများ၊ လက်ရှိဆောင်ရွက်နေသည့် ပညာရေးမူဝါဒများ၊ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့် မိမိ၏လုပ်ငန်းတာဝန်များကို သိရှိနားလည်ရန်လိုအပ်ပြီး ပါတီနိုင်ငံရေးကင်းရှင်း၍ နိုင်ငံအတွက်သစ္စာရှိရှိဖြင့် တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူတိုင်း ပညာသင်ယူမှု အခွင့်အလမ်း အပြည့်အဝရရှိစေရေး အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ကျောင်းနေအရွယ် ကျောင်းသားအားလုံး ကျောင်းစာသင်ခန်းအတွင်းရောက်ရှိရေးအတွက် အရည်အသွေးရှိသော သင်ကြားနည်းစနစ်များနှင့် သင်ယူမှု ဝန်းကျင်ကောင်းတို့ဖြင့် ဆွဲဆောင်စည်းရုံးပေးကြရန် မှာကြားပြီး ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းက ဆရာ ဆရာမများ အထက်အောက် အပြန်အလှန် လေးစားတန်ဖိုးထား၍ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဆရာ အတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က သက်ဆိုင်ရာ ဦးစီးဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ပညာရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်