Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၈

နိုင်ငံတော်၏ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ သစ်ပင်၊ သစ်တောများ မပြုန်းတီးစေရန်၊ ရာသီဥတုကို မျှတကောင်းမွန်စေပြီး ဇီဝမျိုးစုံမျိုးကွဲများ တိုးပွားစေရန်နှင့် ရေမြေတောတောင် သဘာဝကိုထိန်းသိမ်းကာကွယ်စေရန်ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မြို့ပတ်လမ်းဘေးရှိ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်း မြေနေရာ၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီး ဌာနများမှ အရာရှိကြီးများနှင့်ဇနီးများ၊ တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ တက်ရောက်စိုက်ပျိုးကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အထိမ်းအမှတ်သစ်ပင်များကို ဦးဆောင်စိုက်ပျိုးပေးကြပြီး ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ တပ်ဖွဲ့/ဦးစီး ဌာနများမှ အရာရှိကြီးများနှင့်ဇနီးများ၊ တပ်ဖွဲ့ဝင်/ဝန်ထမ်းများက သတ်မှတ်နေရာများတွင် သစ်ပင်များကို ဆက်လက်စိုက်ပျိုးပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့သည် တာဝန်ရှိသူများနှင့်အတူ တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကံ့ကော်၊ ခရေ၊ ပိတောက်၊ စိန်ပန်း၊ ငု၊ သပြေ စသည့် အပင်စုစုပေါင်း ၁၀၀၀ ကို စနစ်တကျ ရွေးချယ်စိုက်ပျိုးခဲ့ပြီး တစ်နိုင်ငံလုံးအနေဖြင့် ၃၂၆၃၉ ပင် စိုက်ပျိုးခဲ့ပြီးဖြစ်သည်။ ယခုဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကံ့ကော်၊ ခရေ၊ ပိတောက်၊ စိန်ပန်း၊ ပန်းမဲဇလီ စုစုပေါင်း အပင် ၁၀၀၀ ကို စိုက်ပျိုးခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများ၏ ရုံးချုပ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ရုံး၊ ဌာနများတွင်လည်း ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပ၍ ရတနာတန်းဝင်အပင်များ၊ အရိပ်ရလေကာပင်များ၊ သီးပင်စားပင် စုစုပေါင်း ၃၁၃၀၅ ပင် စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ယခုနှစ်အတွင်း စုစုပေါင်းအပင် ၆၃၉၄၄ ပင် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်