Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မြစ်ကြီးနားမြို့ရှိ ဝန်ကြီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံပြီး မြစ်ကြီးနားမြို့ အမှတ်(၁) မူလတန်းကြိုကျောင်းကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇူလိုင် ၇

မြစ်ကြီးနားမြို့၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး ဝန်ကြီးဌာနအောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ထောက်ပံ့ပေးအပ်

တွေ့ဆုံစဉ် ရေဘေးအန္တရာယ်တွေ့ကြုံခံစားခဲ့ရမှု၊ ပြည်နယ်အစိုးရက ဆောင်ရွက်နေသော ရေဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှု၊ ဝန်ထမ်းများ၏ နေရေးထိုင်ရေးနှင့် တာဝန်ထမ်းဆောင်မှုအခြေအနေများကို မေးမြန်းကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် ငါးသေတ္တာဘူး ၂၀၀ နှင့် ထောက်ပံ့ငွေကျပ် ၁၈၆၀၀၀ဝ ကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ မူလတန်းကြိုကျောင်း အမှတ်(၁)သို့ သွားရောက်ပြီး ကလေးများအတွက် သင်ထောက်ကူပစ္စည်းများထားရှိမှု၊ စာသင်ဆောင်များ၊ စားသောက်ခန်းများ၊ မီးဖိုချောင်နှင့် ကစားကွင်းများကို ကြည့်ရှုကာ အသက် ၃ နှစ်မှ ၅ နှစ်အရွယ် မူကြိုကလေးငယ်များ ငယ်စဉ်ကပင် ဗလငါးတန်ဖွံ့ဖြိုးရေး၊ စည်းကမ်းလိုက်နာတတ်ရေး၊ ဘက်စုံကျန်းမာရေးတို့အတွက် စနစ်တကျလေ့ကျင့်သင်ကြားပေးကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်