နေပြည်တော် ဇူလိုင် ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့်အတူ ဇူလိုင် ၅ ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ အနီးစခန်းလေဆိပ်သို့ရောက်ရှိရာ လေယာဉ်ကွင်းအဆင့်မြှင့်တင်ရေး လေ့လာဆန်းစစ်မှုအခြေအနေများကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် လိုအပ်ချက်များကို မှာကြားဖြည့်ဆည်းပေးသည်။
ကြည့်ရှုစစ်ဆေး
ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၆ ရက် နံနက်ပိုင်းက မြန်မာ့မီးရထားမန္တလေးဘူတာကြီးသို့ ရောက်ရှိကြရာ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရထားသွားလာရေးလုပ်ငန်းများ၊ ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှု၊ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းအခြေအနေများကို တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက မန္တလေးဘူတာကြီး ယာဒ်ဝင်းသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဘူတာကြီး၌ တပ်ဆင်ထားသော လုံခြုံရေးစနစ်ကို အချိန်ပြည့်ထိရောက်စွာ စောင့်ကြည့်ထိန်းချုပ်မှု ရရှိနိုင်ရေးအတွက် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း ကိုင်တွယ်၊ ထိန်းချုပ်မှုကို ဆောင်ရွက်ရေး၊ မြန်မာ့မီးရထားနှင့် မြန်မာ့စာတိုက်လုပ်ငန်းတို့ညှိနှိုင်း၍ ရထားဖြင့် ချောစာပို့လုပ်ငန်း ပိုမိုထိရောက်စွာ ပို့ဆောင်ရေး၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကိစ္စများကို အထူးဂရုပြုဆောင်ရွက်ပေးရေးလိုအပ်ချက်များကို မှာကြားကာ ဘူတာယာဒ်ဝင်းအတွင်း ပလက်ဖောင်းအမြင့် မြှင့်တင်ခြင်းကိစ္စ၊ တွဲပြင်ရုံနှင့် ပါဆယ်ရုံတို့၌ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
လက်ဆောင်များပေးအပ်
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်မန္တလေးမြို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးသို့ ရောက်ရှိပြီး အစည်းအဝေးခန်း၌ မန္တလေးမြို့တွင် အခြေစိုက်၍ တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ တာဝန်ခံအရာရှိများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံ့ဝန်ထမ်းကောင်းများ ပီသစွာဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရေး၊ ဌာနအလိုက်ရုံးများ၊ အိမ်ရာများ၌ ဝန်ထမ်းများနှင့် မိသားစုများ၏ လိုအပ်ချက်များကိုသိရှိအောင် အစဉ်အမြဲစစ်ဆေး၍ ဖြည့်ဆည်းပေးနိုင်ရေး၊ လုပ်ငန်းကျွမ်းကျင်မှုတိုးတက်လာအောင် လေ့ကျင့်ပေးရေးတို့ကို မှာကြားကာ ဝန်ထမ်းများအား စားသောက်ဖွယ်ရာလက်ဆောင်များ ပေးအပ်သည်။
နေ့လယ်စာသုံးဆောင်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြစ်ငယ်ရှိ မြန်မာ့မီးရထား၏ လူစီးတွဲနှင့် ကုန်တွဲစက်ရုံသို့ ရောက်ရှိပြီး စက်ရုံအမှတ် (၃) လုပ်ငန်းခွင်နေရာ၌ စက်ရုံဝန်ထမ်းများနှင့် အတူတကွ နေ့လယ်စာကို သုံးဆောင်သည်။
ဆက်လက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး နိုင်ငံ့ဝန်ထမ်းများပီသစွာဖြင့် မိမိဌာန၏ လုပ်ငန်းရည်မှန်းချက်များ ပြည့်မီစွာ အကောင်အထည်ဖော်စွမ်းဆောင်နိုင်ရေး၊ စာကြည့်တိုက်များ၌ လုပ်ငန်းနှင့်သက်ဆိုင်သည့် ဘာသာရပ်စာအုပ်စာပေများကို ထားရှိစီစဉ်ပေးပြီး ဝန်ထမ်းများ ဖတ်ရှုလေ့လာ၊ အသိပညာဗဟုသုတတိုးပွားစေရေး၊ ဝန်ထမ်းအိမ်ရာများ သန့်ရှင်းပြီး စနစ်တကျရှိစေရန်စစ်ဆေး၍ လိုအပ်သည့် ပံ့ပိုးမှုများ ဆောင်ရွက်ပေးရေးတို့ကို မှာကြားကာ စက်ရုံဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ပေးအပ်သည်။
စုံလင်စွာဝယ်ယူစုဆောင်း
ထို့နောက် စက်ရုံမှူး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားပြီး စက်ရုံအတွင်း လူစီးတွဲများ မွမ်းမံပြင်ဆင်မှု၊ ကုန်သေတ္တာတင်ကွန်တိန်နာတွဲများ တည်ဆောက်ပြီးစီးမှုလုပ်ငန်းခွင်များသို့ လှည့်လည်ကြည့်ရှုကာ တွဲတည်ဆောက်ရေးလုပ်ငန်းအတွက် လိုအပ်သည့် ပစ္စည်းအမျိုးအမည်များ စုံလင်စွာ ဝယ်ယူစုဆောင်းရရှိနိုင်ရေး မှာကြားသည်။
ယင်းနောက် မြစ်ငယ်ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတက်ရောက်ကုသနေသည့် ဝန်ထမ်းလူနာများကို နှုတ်ဆက်အားပေး၍ စားသောက်ဖွယ်ရာများ လက်ဆောင်ပေးအပ်ပြီး ဆေးရုံသုံးပစ္စည်းများရရှိမှု၊ အသုံးပြုနိုင်မှုအခြေအနေများကို စစ်ဆေးမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းပေးသည်။
လိုအပ်ချက်များမှာကြား
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် မန္တလေးဘူတာကြီးမှ RBE ရထားဖြင့် စီးနင်းလိုက်ပါပြီး မန္တလေး-သာစည်မှတစ်ဆင့် မိတ္ထီလာဘူတာအထိ ရထားလမ်းပိုင်း၏ သံလမ်း၊ တာပေါင်များနှင့် တံတားများ ကြံ့ခိုင်မှုအခြေအနေ၊ ဘူတာများသန့်ရှင်းမှုနှင့် စနစ်တကျရှိမှု၊ ရထားလမ်းနှင့် ကားလမ်းကူးနေရာများတွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကာ ရထားအမြန်နှုန်းမြှင့်တင်နိုင်ရေးအတွက် လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်