နေပြည်တော် ဇူလိုင် ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဇူလိုင် ၈ ရက်မှ ၉ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းတုန်းပြည်နယ် ချင်းတောင်မြို့၌ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့တက်ရောက်ရန် ယနေ့နံက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကူမင်းမြို့သို့ရောက်ရှိရာ ယူနန်ပြည်နယ် ပြည်သူ့အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာကျန်းရှစ်ကျင်း (Mr.Zhang Shijin) ၊ ကူမင်းကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းနှင့်တာဝန်ရှိသူများက ကူမင်းလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်းမြို့သို့ရောက်ရှိစဉ် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာဝမ်းဟောင် (Mr.Wang Hao) က အပြည်ပြည်ဆိုင်ရာ လေဆိပ်အထူးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာပြီး ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ချင်းတောင်မြို့သို့ရောက်ရှိကြရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေ၊ ချင်းတောင်မြူနီစီပယ်ဒေသ တရုတ်ကွန်မြူနစ်ပါတီ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် မစ္စလင်ပင်းနှင့်တာဝန်ရှိသူများက ချင်းတောင်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချင်းတောင်လေဆိပ်မှ မော်တော်ယာဉ်များဖြင့်ထွက်ခွာရာ တည်းခိုမည့် Qingdao Sea View Garden ဟိုတယ်သို့ရောက်ရှိကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းသူ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ အဖွဲ့ဝင်အဖြစ်လိုက်ပါသွားခဲ့ကြကြောင်း သတင်းရရှိသည်။