Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရုံးသို့ သွားရောက်၍ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းဆောင်ရွက်

နေပြည်တော် ဇူလိုင် ၅

မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲတွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရုံး ညီလာခံခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ စစ်မှုထမ်း‌ဟောင်းအဖွဲ့ဗဟိုဌာနချုပ် ဗဟိုအမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) တက်ရောက်သည်။

ရရှိနိုင်မည့်အကျိုးကျေးဇူးများ ရှင်းလင်း

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) အသုံးပြုဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ ရရှိနိုင်မည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများက စမ်းသပ်မဲပေးခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

စိတ်ချယုံကြည်စွာ ဆောင်ရွက်နိုင်ရေး

Myanmar Electronic Voting Machine (MEVM) စက် သရုပ်ပြ ရှင်းလင်းဆွေးနွေးခြင်း နှင့်စပ်လျဉ်း၍ MEVM စက်အသုံးပြုမှုအပေါ်တွင် စိတ်ချယုံကြည်စွာ ဆောင်ရွက်နိုင်ရေး၊ စမ်းသပ်မဲပေးခဲ့သည့် မဲဆန္ဒရှင်များအနေဖြင့် ရွေးကောက်ပွဲတွင် မိမိတို့ရွေးချယ် မဲပေးလိုသည့်ပါတီအား လွယ်ကူရှင်းလင်းစွာမဲပေးနိုင်ရေး၊ မဲဆန္ဒရှင်များ စိတ်ချယုံကြည်မှုအပြည့်ဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ မဲပေးနိုင်ရေး၊ မဲပေးခြင်းနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးတို့ကို မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိသည်။

မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေး

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံ စစ်မှုထမ်း‌ဟောင်းအဖွဲ့ဗဟိုဌာနချုပ်၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအမှုဆောင်အဖွဲ့ဝင် ငါးဦးနှင့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့  ဗဟိုဌာနချုပ်ရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်