နေပြည်တော် စက်တင်ဘာ ၁၀
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ပြင်ပပုဂ္ဂလိကသို့ တင်ဒါစနစ်ဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ရေး ဆပ်ကော်မတီနှစ်ရပ် ပူးပေါင်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၀) ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ Video Conferencing စနစ်ဖြင့် ချိတ်ဆက် ကျင်းပသည်။
ရှေးဦးစွာ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ကျောင်းသုံးစာအုပ်များ ဖြန့်ချိရေးဆပ်ကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အမှာစကား ပြောကြားသည်။
ဆက်လက်၍ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေး ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ကျောင်းသုံးစာအုပ်များ ဖြန့်ချိရေး ဆပ်ကော်မတီ အတွင်းရေးမှူး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး ပြင်ပပုဂ္ဂလိကသို့ တင်ဒါစနစ်ဖြင့် လုပ်ငန်း အပ်နှံဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆပ်ကော်မတီအလိုက် ဆောင်ရွက်လျက်ရှိသည် များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် Video Conferencing စနစ်ဖြင့် အစည်းအဝေး တက်ရောက်ကြသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြပြီး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဦးဝင်းမော်ထွန်းတို့က ဖြည့်စွက်ဆွေးနွေးကြသည်။
ထို့နောက် အစည်းအဝေး ဆုံးဖြတ်ချက်များကို အတည်ပြုပြီး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
(သတင်းစဉ်)