နေပြည်တော် ဇွန် ၂၉
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်းချန်းမြို့၌ ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ တိုင်းရင်းဆေးဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ဇွန် ၂၇ ရက်က ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းရှီးပြည်နယ်ရှိ ကျန်းကျုံးတိုင်းရင်းဆေးဥယျာဉ်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာရာ တာဝန်ရှိသူများက တရုတ်တိုင်းရင်းဆေးဝါးသမိုင်းကြောင်း၊ ဖွံ့ဖြိုးတိုးတက်လာပုံအဆင့်ဆင့်၊ တိုင်းရင်းဆေးဥယျာဉ်အတွင်း တိုင်းရင်းဆေးပင်များ ပြုစုပျိုးထောင်ထားမှု၊ ခေတ်မီစက်ကိရိယာနှင့် နည်းစနစ်များ အသုံးပြု၍ အဆင့်မြင့်တရုတ်တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ထုပ်ပိုးနေမှုနှင့် အရည်အသွေးထိန်းချုပ်မှုအပိုင်းများကို လိုက်လံရှင်းလင်းပြသသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နန်ချန်းတိုင်းရင်းဆေးတက္ကသိုလ်သို့ သွားရောက်လေ့လာရာ တာဝန်ရှိသူများက တက္ကသိုလ်၏သမိုင်းကြောင်း၊ ကျောင်းသား ကျောင်းသူများ လေ့လာနိုင်အောင် ဆေးဖက်ဝင်တရုတ်တိုင်းရင်းဆေးပင်များကို စနစ်တကျပြင်ဆင်ထားရှိမှု၊ ခေတ်အဆက်ဆက် တရုတ်တိုင်းရင်းဆေးကျမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိပြီး မျိုးဆက်သစ်များကို ပညာအမွေလက်ဆင့်ကမ်းခဲ့ပုံများကို လိုက်လံရှင်းလင်းပြသသည်။
ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နန်ချန်းတိုင်းရင်း ဆေးရုံသို့သွားရောက်၍ တရုတ်တိုင်းရင်းဆေးကုထုံးများဖြစ်သည့် အပ်စိုက်ကုထုံး၊ အပူကုထုံး၊ အနှိပ်ကုထုံးများကို ခေတ်မီစက်ကိရိယာများအသုံးပြု၍ လူကြီးနှင့် ကလေးငယ်များကို ကုသပေးနေမှုကိုလည်းကောင်း၊ ပြန်လည်သန်စွမ်းမှုဌာနတွင် ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ကုသနေမှုကိုလည်းကောင်း သွားရောက်လေ့လာကြသည်။
ဇွန် ၂၈ ရက်ကလည်း ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကျန်းရှီးပြည်နယ် တိုင်းရင်းဆေးပညာအုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နှင့် ပါတီအတွင်းရေးမှူးဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံ၍ တိုင်းရင်းဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေ၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် နန်ချန်းတိုင်းရင်းဆေးတက္ကသိုလ်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသွားမည့်အစီအစဉ်၊ တိုင်းရင်းဆေးပညာပြတိုက် ပေါ်ထွန်းလာရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်