နေပြည်တော် ဇွန် ၂၃
စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ချည်မျှင်နှင့် အထည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ချည်မျှင်နှင့် အထည်လုပ်ငန်းရှင်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းမှ ထွက်ရှိသည့်ဝါများကို ကြိတ်ခွဲ၍ ဝါဂွမ်းများကို ပြည်ပတင်ပို့မည့်အစား ချည်ရက်လုပ်ခြင်း၊ ပိတ်ရက်လုပ်ခြင်း၊ အထည်ထုတ်လုပ်ခြင်းများ ဆောင်ရွက်ပါက ပိုမိုအကျိုးအမြတ်ရရှိမည့်အပြင် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အရည်အသွေးတိုးတက်ကောင်းမွန်စေရေး အထူးအလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ပသွင်းကုန်အစားထိုးနိုင်ရေး၊ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးတို့အတွက် ထုတ်ကုန်ပစ္စည်းများကို တိုးမြှင့်လုပ်ကိုင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် စက်မှုဝန်ကြီးဌာနမှ စက်ရုံ၊ မြေ၊ အဆောက်အအုံများအား ငှားရမ်းထားသည့်ကုမ္ပဏီများမှ တာဝန်ရှိသူများက ကုမ္ပဏီအလိုက် လုပ်ငန်းလည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လုပ်ငန်းဆောင်ရွက်စဉ် ကြုံတွေ့ရသည့်အခက်အခဲများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) ၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တာဝန်ထမ်းဆောင်နေသည့် စက်မှုဝန်ကြီးဌာနမှ အရာထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနရှိ ဦးစီးဌာနများသည် စက်မှုလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိန်းကျောင်းကြပ်မတ်ရသည့် ဌာနဖြစ်ကြောင်း၊ ထို့ကြောင့် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များကို ကျေညက်အောင်လေ့လာထားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် စနစ်များကိုလည်း လေ့လာထားကြရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှသာ ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနိုင်မည်ဖြစ်၍ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်နှင့် လုပ်ငန်းတာဝန်များအောင်မြင်စေရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က စက်မှုလုပ်ငန်းအလိုက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဦးဆောင်ညွှန်ကြားရေးမှူးများက စက်မှုဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ထောက်ပံ့ငွေများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်