Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအခြေခံအဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဇွန် ၂၀

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် (၁၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အခြေခံအဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ရေးဖိုရမ် (The 15th International Infrastructure Investment and Construction Forum – IIICF) ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအိုဒေသနှင့် နိုင်ငံတကာမှ အုပ်ချုပ်မှုနှင့် ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ အကြီးအကဲများ၊ ကိုယ်စားလှယ်များ၊ တရုတ်-အပြည်ပြည်ဆိုင်ရာ ကန်ထရိုက်တာများအသင်းနှင့် မကာအိုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့ အစည်းတို့မှဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှ ကျွမ်းကျင်ပညာရှင်များ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြသည်။

အခမ်းအနားကိုဖွင့်လှစ်

အစီအစဉ်အရ နိုင်ငံတကာမှ တက်ရောက်လာသော ဆောက်လုပ်ရေးဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အကြီးအကဲများ၊ တာဝန်ရှိသူများကိုမိတ်ဆက်၍ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကို ဖွင့်လှစ်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က (၁၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အခြေခံအဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ရေးဖိုရမ်နှင့် ပြပွဲအခမ်းအနား ကျင်းပခြင်းအားဖြင့် အတွေ့အကြုံများကိုဖလှယ်ရန်၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန်နှင့် နိုင်ငံတကာအခြေခံအဆောက်အဦဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများကို ချိတ်ဆက်ပေးနိုင်သော နည်းလမ်းတစ်ခုဖြစ်ပါကြောင်း။

နိုင်ငံတိုင်းအတွက် Green Innovation သည် သဘာဝပတ်ဝန်းကျင်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ပြီး Green Innovation သဘောတရားတွင် တီထွင်ဆန်းသစ်မှု များနှင့် ပညာရပ်အမျိုးအစားများစွာ ပါဝင်ပါကြောင်း၊ ကုလသမဂ္ဂဖွံ့ဖြိုးရေး ပန်းတိုင်ဖြစ်သော Sustainable Development Goal (SDG) ၏ “ခံနိုင်ရည်ရှိသော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ ရေရှည်တည်တံ့သော စက်မှုဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် တီထွင်ဆန်းသစ်မှုကို မြှင့်တင်ပေးခြင်း” လည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ရေရှည်မဟာဗျူဟာတွင် ဂေဟစနစ်ကာကွယ်ရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တိုးမြှင့်ထုတ်လုပ်ရန်၊ စိမ်းလန်းသော ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ရန်နှင့် စွန့်ပစ်ပစ္စည်းများ၏ စီမံခန့်ခွဲမှုတို့ကိုလည်း
ထည့်သွင်းဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံ၌ Green Innovation အောက်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လျှပ်စစ်ကား (EV) များ ပိုမိုအသုံးပြုလာစေခြင်း၊ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများတွင် Solar Yard နေရာများကို ထည့်သွင်းအသုံးပြုခြင်း၊ မြို့ကြီးများ၏ မြို့ပြစီမံကိန်း ရေးဆွဲရာတွင် စိမ်းလန်းသောနေရာများကို စဉ်းစားထည့်သွင်းရေးဆွဲခြင်း၊ လေအားလျှပ်စစ်ဓာတ်အား ပေးရေးစီမံကိန်းများကို ကမ်းရိုးတန်းဒေသများတွင် အကောင်အထည်ဖော်ရန် စီစဉ်ထားခြင်း၊ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် ပြည်ထောင်စုလမ်းမကြီးများတစ်လျှောက်တွင် လမ်းဘေးသစ်ပင်များ စိုက်ပျိုးခြင်းတို့ကိုသဘာဝနည်းကျ ဆောင်ရွက်လျက်ရှိပါကြောင်း။

မြို့ပြစီမံကိန်းနှင့် အိမ်ရာကဏ္ဍ Green Innovation အောက်တွင် ဆောင်ရွက်သော အိမ်ရာစီမံကိန်းများ၌ လေထုအရည်အသွေးမြှင့်တင်ရန် Green Spaces များ၊ စိမ်းလန်းသော အခြေခံ အဆောက်အအုံများထားရှိရန် သစ်တောဧရိယာကို ဒီဇိုင်းရေးဆွဲခြင်းနှင့် တည်ဆောက်မှုအဆင့်ဆင့် တွင် ထည့်သွင်းစဉ်းစား တည်ဆောက်ထားပါကြောင်း၊ Green Innovation နှင့် Smart Connectivity တို့ကို ဆောင်ရွက်ခြင်းဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွင် မြို့ပြအသွင်ကူးပြောင်းမှုနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာ၌ ပိုမိုထိရောက်ပြီး ရေရှည်တည်တံ့သော မြို့ကြီးများဆီသို့ ဦးတည်သွားနိုင်မည်ဖြစ်ပါကြောင်း။

အသိအမှတ်ပြုထား

Digital Connectivity အား “ဒစ်ဂျစ်တယ်စီးပွား ရေးခေတ်” သို့မဟုတ် “စတုတ္ထစက်မှု တော်လှန်ရေး (4IR)” ဟုခေါ်တွင်လေ့ရှိပြီး လူမှုရေးဆိုင်ရာ ပြောင်းလဲမှုများအတွက် အဓိကမောင်းနှင်အားတစ်ခုအဖြစ် အသိအမှတ်ပြုထားပါကြောင်း၊ နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသော အခြေခံအဆောက်အအုံနှင့် တန်ဖိုးမဖြတ်နိုင်သော စက်မှုလုပ်ငန်းများနှင့် ကဏ္ဍအားလုံးတွင် အစိုးရနှင့်ပုဂ္ဂလိကစနစ်များ ဒစ်ဂျစ်တယ်အဖြစ်သို့ ပြောင်းလဲခြင်းကိုကြည့်လျှင် သိနိုင်ပါကြောင်း။

ယနေ့ကျင်းပသည့်ဖိုရမ်သည် ပွင့်လင်းမြင်သာမှုကိုမြှင့်တင်ရန်၊ နှစ်ဦးနှစ်ဖက် အကျိုးရှိစေရန် ပူးပေါင်းဆောင်ရွက်မှုများကို အားပေးကာ ဆောက်လုပ်ရေးကဏ္ဍနှင့် မိတ်ဖက်နိုင်ငံများအတွက် Green Innovation နှင့် Digital Connectivityတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း စီးပွားရေး နှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆောင်ကြဉ်းပေးနိုင်ပြီး ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု
ယုံကြည်ပါကြောင်းပြောကြားသည်။

 သတင်းစဉ်