Skip to main content

အလယ်အလတ်အဆင့် နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၂ဝ

သက်ဆိုင်ရာအစိုးရဌာန အစိုးရအဖွဲ့အစည်းအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အလယ်အလတ်အဆင့် နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း (ပထမထပ်) သင်တန်းခန်းမ (MOLA Lecture Hall) ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယခုသင်တန်းသည် ၂၉-၄-၂၀၂၄ ရက်နေ့တွင် နိုင်ငံတော်အကြီးအကဲ ဖွင့်လှစ်ပေးခဲ့သည့် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကျောင်း၌ဖွင့်လှစ်သည့် ပထမဦးဆုံးသင်တန်းဖြစ်ပါကြောင်း။ ယခင်က အလယ်အလတ်အဆင့်နိုင်ငံ့ဝန်ထမ်းများအတွက် သင်တန်းကို ဥပဒေရေးဆွဲခြင်း၊ စီးပွားရေးစာချုပ်စာတမ်းများစိစစ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် အာဆီယံဥပဒေများ လက်တွေ့အသုံးချမှု၊ တရားမဆိုင်ရာကိစ္စများ၊ အထွေထွေဥပဒေအကြံ ပေးရေးဆိုင်ရာကိစ္စများကို ဘာသာရပ်တစ်ခုချင်းစီအလိုက် သင်တန်းပို့ချပေးနေရာမှ ယခုအခါ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိအဆင့် သင်တန်းသား ၆၀ ကို ဘာသာရပ်များအားလုံး စုပေါင်းပြီး သင်တန်းတစ်ချိန်လျှင် မိနစ် ၅၀၊ သင်ကြားချိန် ၆၉ ချိန်၊ ၂၄ ရက် သင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ယခု သင်တန်းမှ ဥပဒေအသိပညာများစွာရရှိပြီး အကျိုးရှိမည်ဖြစ်ပါကြောင်း။ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် (Providing Legal Service For Justice) တရားမျှတမှုအတွက် ဥပဒေဝန်ဆောင်မှုဆိုသည့် မဟာဗျူဟာဖြင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေဝန်ဆောင်မှုဆိုသည်မှာ သက်ဆိုင်ရာဌာနမှ ရေးဆွဲပေးပို့လာသည့် ဥပဒေမူကြမ်းများကို စိစစ်ခြင်း၊ နိုင်ငံတစ်ဝန်းရှိ ပြစ်မှု၊ တရားမမှုများကို အစိုးရကိုယ်စား လိုက်ပါဆောင်ရွက်ပေးခြင်း၊ ဥပဒေအကြံဉာဏ်ပေးခြင်း၊ ဥပဒေအသိပညာ ပြန့်ပွားရေးဆောင်ရွက်ခြင်းတို့ဖြစ်ပါကြောင်း ပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းဆရာများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲအပြီးတွင် သင်တန်းကျောင်းရှိ e-library ၌ သင်တန်းသားများက အသုံးပြုဆောင်ရွက်နေသည်ကို ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က လှည့်လည်ကြည့်ရှုခဲ့သည်။

သတင်းစဉ်