ရန်ကုန် ဇွန် ၁၅
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ကောင်စီဝင်များ လပတ်ပုံမှန်အစည်းအဝေး(၃/၂၀၂၄)ကို ရန်ကုန်မြို့ကုန်သည်လမ်းရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းကကျင်းပရာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) တက်ရောက်အမှာစကားပြောကြားသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် တတိယသက်တမ်းကာလအတွင်း သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ဖွယ်ရာများကို ကောင်စီဝင်များက တက်ကြွစွာပါဝင်ဆောင်ရွက်နေသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ သတင်းမီဒီယာကောင်စီသည် မီဒီယာလုပ်ငန်းများကို ဆောင်ရွက်နေကြသည့် သတင်းမီဒီယာ အဖွဲ့အစည်းများကို သတင်းမီဒီယာဥပဒေ၊ သတင်းမီဒီယာကျင့်ဝတ်တို့နှင့် ညီညွတ်စွာဆောင်ရွက်နိုင်ရန် ထိန်းကျောင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့နိုင်ငံတော်တွင်ဖြစ်ပေါ်နေသော ဖြစ်စဉ်ဖြစ်ရပ်များအပေါ် သတင်းဌာနအသီးသီးက သတင်းမှန်ဖြစ်ရပ်မှန်များကို ထုတ်ပြန်နိုင်ရေး အထူးလိုအပ်ပါကြောင်း၊ သို့ရာတွင် တိုင်းပြည်အပေါ်သစ္စာမဲ့သည့် မီဒီယာများက ထုတ်ပြန်သည့် မဟုတ်မမှန် သတင်းမှားများက ပြည်သူလူထုနှင့်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ နစ်နာဆုံးရှုံးမှုကို ဖြစ်ပေါ်စေကြောင်း၊ ထိုအခြေအနေများကြောင့် ပြည်သူကို သတင်းမှန်သိရန်နှင့် သတင်းတုသတင်းမှားများကို ဝေဖန်စိစစ်နိုင်ရန်အတွက် ဆွေးနွေးပွဲများ၊ ဟောပြောပွဲများကို မိမိတို့သက်တမ်းကာလအတွင်း အကြိမ်များစွာဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ကောင်စီဝင်များအနေဖြင့်လည်း သတင်းမီဒီယာနယ်ပယ်တွင် မိမိတို့တာဝန်ယူရသည့် ကဏ္ဍအလိုက် အတွေ့အကြုံ ရင့်ကျက်ပြီးသူများဖြစ်၍ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအားရှိသလောက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ လက်ရှိတတိယသက်တမ်းကာလသည် မကြာမီကာလတွင် ကုန်ဆုံးတော့မည်ဖြစ်သော်လည်း နောင်ဆက်လက်တာဝန်ယူကြမည့် သက်တမ်းအတွက် မိမိတို့က စနစ်တကျဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယနေ့ တက်ရောက်လာသည့် ကောင်စီဝင်များကလည်း အတွေ့အကြုံရှိကြသူများပီပီ မိမိတို့တာဝန်ယူနိုင်သည့် မီဒီယာလုပ်ငန်းများကို ကြိုးစားဆောင်ရွက်သွားကြရန်နှင့် ယနေ့ နိုင်ငံတော်၏ အခြေအနေများကို မျက်ခြည်မပြတ် လေ့လာသိရှိအောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကောင်စီဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်