နိုင်ငံ့ဝန်ထမ်းများဆိုသည်မှာ မည်သည့်အစိုးရလက်ထက်၊ မည်သို့မူဝါဒချမှတ်သည်ဖြစ်စေ အစိုးရ၏ မျှော်မှန်းချက်၊ မူဝါဒများနှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည်ဖော်ဆောင်ရွက်ကြရသူများဖြစ်သည်။ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်သည့်အလျောက် နိုင်ငံ့ဝန်ထမ်းတစ်ဦးချင်းစီတိုင်း အရည်အသွေးမြင့်မားမည်၊ ကိုယ်ကျင့်တရားကောင်းမွန်မည်ဆိုပါက ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (Good Governance) အဖြစ် ဝန်ထမ်းအဖွဲ့အစည်းနှင့်တကွ နိုင်ငံတော်အစိုးရကိုပါ အများပြည်သူက ယုံကြည်လေးစားကြမည်ဖြစ်သည်။
လက်ရှိအစိုးရသည် ပြည်သူများက ရွေးချယ်တင်မြှောက်ထားသည့် တတိယမြောက်ဒီမိုကရေစီပြည်သူ့အစိုးရဖြစ်သည်။ အစိုးရ၏ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်စေရေးအတွက် အကောင်အထည်ဖော်ကြရသူများမှာ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်။ ပြည်သူများက ရွေးချယ်တင်မြှောက်လိုက်သည့် ဒီမိုကရေစီအစိုးရတစ်ရပ်သည် ပြည်သူများ၏ကိုယ်စား နိုင်ငံအကျိုး၊ ပြည်သူများ၏အကျိုးကို ဖော်ဆောင်နေကြခြင်းဖြစ်ရာ မိမိတို့၏ လုပ်ဆောင်မှုအရပ်ရပ်တို့မှာ ပြည်သူကို အလေးဂရုပြုကြရန်လိုသည်။
သို့ဖြစ်ရာ “ပြည်သူ့ဆက်ဆံရေး ကောင်းမွန်ရမည်ဖြစ်သကဲ့သို့ ဝန်ထမ်းများအချင်းချင်း ညီညွတ်မျှတစွာဖြင့် အထက်အောက်ကွပ်ကဲအုပ်ချုပ်သွားရန်လိုကြောင်း၊ ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများအား ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်သော်လည်း မလိုလားအပ်ဘဲ ပြည်သူတို့အပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်လည်း ဂရုပြုဆောင်ရွက်သွားရန်လိုကြောင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ကောင်းစွာသိရှိ နားလည်နေရမည်ဖြစ်သကဲ့သို့ ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန်လည်းလိုကြောင်း” ဇွန် ၉ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးလက်အောက်ရှိ ဝန်ထမ်းအဖွဲ့အစည်းများအနက် အချို့ဝန်ထမ်းအဖွဲ့အစည်းမှာ ပြည်သူနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံနေကြရခြင်းဖြစ်သည့်အလျောက် ၎င်းဌာနများမှ ဝန်ထမ်းများအားလုံး ပြည်သူ့ဆက်ဆံရေး ကောင်းမွန်ဖို့ လိုသည်။ မိမိတို့၏တာဝန်ဖြစ်သည့် လုပ်ငန်းများကို ကျွမ်းကျင်ဖို့လိုသလို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ကောင်းစွာသိရှိနားလည်ရန်နှင့် မိမိတို့၏ဝန်ဆောင်မှုကို ရယူကြသည့် ပြည်သူတို့အပေါ် စေတနာကောင်းထားရှိကြရန်လည်းလိုသည်။ ဌာနတွင်းရှိ ဝန်ထမ်းများအားလုံး ဝန်ထမ်းကောင်းများအဖြစ် ပြည်သူ့အပေါ် တာဝန်ကျေပွန်ကြစေရန်မှာ ဌာနဆိုင်ရာ အကြီးအကဲက မျက်ခြည်မပြတ် ကွပ်ကဲမှုပေးနိုင်ရမည်လည်း ဖြစ်သည်။
နိုင်ငံတော်သမ္မတ၏ အမှာစကားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးစစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်နေကြသည့် တာဝန်ရှိသူများနှင့် စပ်လျဉ်း၍လည်းပါဝင်သည်။ လုံခြုံရေးစစ်ဆေးကြရာတွင် လုံခြုံရေးပိုင်းဆိုင်ရာအရ စစ်ဆေးကြပ်မတ်ခြင်းသာဖြစ်ရမည်ဖြစ်ပြီး ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မှာကြားခြင်းဖြစ်ရာ လုံခြုံရေးတွင် မပေါ့ဆရန်၊ မလစ်ဟင်းရန် လိုအပ်မည်ဖြစ်သကဲ့သို့ ပြည်သူများအပေါ် ဖိစီးမှု မဖြစ်ရန်လည်း သတိမူကြဖို့လိုသည်။ “လုံခြုံရေးအရ၊ တရားမဝင်ကုန်စည်စီးဆင်းမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့အရ စစ်ဆေးခြင်းများ ဆောင်ရွက်သည်ကို လက်ခံ၍ရသော်လည်း တရားမဝင် ငွေကြေးကောက်ခံခြင်းများမဖြစ်ရန်လိုကြောင်း၊ တာဝန်ရှိသူများ အနေဖြင့်လည်း စနစ်တကျဖြင့် စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း” နိုင်ငံတော်သမ္မတက အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ရာ လုံခြုံရေးတာဝန်ရှိသူများအနေဖြင့် မိမိတို့၏တာဝန်ကို လုပ်ပိုင်ခွင့်အခွင့်အာဏာအဖြစ် ရှုမြင်ပြီး အလွဲသုံးစားမပြုကြရန်၊ နိုင်ငံနှင့်ပြည်သူအပေါ် သစ္စာစောင့်သိကြရန် လိုသည်။
နိုင်ငံ့ဝန်ထမ်းများ၏ လာဘ်လာဘငွေကြေးမျှော်ကိုးလုပ်ဆောင်မှု၊ အဂတိလိုက်စားမှု၊ အကျင့်ပျက်မှု၊ မလျော်သြဇာသုံးစွဲမှု၊ ပြည်သူ့ဆက်ဆံရေး အားနည်းညံ့ဖျင်းမှု၊ လုပ်ငန်းစွမ်းဆောင်ရည် နိမ့်ကျမှုစသည်တို့က နိုင်ငံတော်အစိုးရ၏ပုံရိပ်ကို ထိခိုက်ကျဆင်းစေသည်။ ယင်းကဲ့သို့သော ဝန်ထမ်းများတည်ရှိနေခြင်းက ရေရှည်တွင် ပြည်သူလူထုအနေဖြင့် ဝန်ထမ်းကိုကျော်လွန်၍ အစိုးရအပေါ် အားနည်းညံ့ဖျင်းမှုအဖြစ် ရှုမြင်လာမည်ဖြစ်သည်။ လုံခြုံရေးတာဝန်၊ တရားမဝင် ကုန်သွယ်မှုများ တားဆီးကြရမည့်တာဝန်၊ တရားမဝင် လူဝင်လူထွက်မှုများ စစ်ဆေးရမည့်တာဝန်စသည်တို့ကို ယူထားကြရသည့် ဝန်ထမ်းများ၏ တာဝန်များမှာလည်း နိုင်ငံအတွက် သေရေးရှင်ရေးတမျှ လွန်စွာအရေးကြီးသည်ဖြစ်ရာ မိမိတို့၏ တာဝန်များ ကျေပွန်ရေးနှင့် ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး အလေးထားထမ်းဆောင်သွားကြရပါမည့်အကြောင်း။ ။
