Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ‘‘ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနားနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဇွန် ၁၄

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ပြည်သူများသို့ အသိပညာပေးဆိုင်းဘုတ် (Bill-board) စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း သိုက်ချောင်း လမ်းဆုံအနီး၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရာက်ကြသည်။

ဖဲကြိုးဖြတ်ဖွင့်

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နေပြည်တော်တိုင်း ဦးစီးမှူးတို့က ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ပြည်သူများသိရှိနိုင်စေရန်အတွက် ‘‘ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” အသိပညာပေးဆိုင်းဘုတ် (Bill-board) ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လက်ကမ်းစာစောင်များနှင့် လှုံ့ဆော်ရေး အထောက်အကူပြုပစ္စည်းများကို တက်ရာက်လာကြသူများထံ ဖြန့်ဝေပေးကြသည်။

ကြည့်ရှုအားပေး

ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပသည့် ၂ဝ၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် ဖူဆယ် (အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်၍ ဗိုလ်လုပွဲစဉ်အဖြစ် တပ်ကုန်းမြို့နယ်အသင်းနှင့် ပျဉ်းမနားမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များက အကောင်းဆုံးအားကစားသမားဆုရရှိသည့် အားကစားသမားနှင့် တတိယဆုရရှိသည့် ဥတ္တရသီရိမြို့နယ်အသင်း၊ ဒုတိယဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းတို့ကို တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ပထမဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းကို တစ်ဦးချင်းဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပထမဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းကို တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပျဉ်းမနားမြို့ ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးနှင့် လယ်ဝေးမြို့နယ် ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတို့မှ အထူးကုဆရာ ဝန်ကြီးများ ပါဝင်သောအဖွဲ့သည် နေပြည်တော်လယ်ဝေးမြို့နယ် ဝက္ကမူကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၌ ဝက္ကမူကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ ချောင်းခွ ကျေးရွာ၊ သဲကောကျေးရွာ၊ ရှားကုန်းကျေးရွာ၊ ဇောင်ချမ်းကုန်းကျေးရွာ၊ အောင်းကုန်းကျေးရွာနှင့် ပြည်ဝင်ကျေးရွာတို့မှ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

လွှဲပြောင်းကုသပေးခဲ့

ဒေသခံပြည်သူများအား အခမဲ့ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးရာတွင် အထွေထွေ ရောဂါလူနာ ၅၇ ဦး၊ မျက်စိ လူနာ ၆၇ ဦး၊ ခွဲစိတ်လူနာ ၁၄ ဦး၊ အရိုးလူနာ ၇၀၊ ကလေးလူနာ ၈ ဦး၊ သားဖွားမီးယပ်လူနာ ၁၅ ဦး၊ သွားလူနာ ၂၂ ဦး စုစုပေါင်းလူနာ ၂၅၃ ဦးကို ကျန်းမာရေးစောင့်ရှောက် မှုပေးပြီး လူနာ ၁၆ ဦးကို ဆေးရုံကြီးများသို့ လွှဲပြောင်းကုသပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ပျံချီ) သို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှု၊ စာသင်ခန်းများ၊ သင်ထောက်ကူခန်းများ၊ ကွန်ပျူတာခန်းများနှင့် ကျောင်းစာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့်စာအုပ်များ ပေးအပ်လှူဒါန်းသည်။

ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းသုံးစွဲထားရှိမှုများ မရှိစေရေးနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် (SOP) နှင့်အညီ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက နေပြည်တော်အတွင်းရှိ လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းသုံးစွဲထားရှိမှုများ မရှိစေရေးနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် (SOP) နှင့်အညီ စီမံဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်