Skip to main content

တရားမဝင် သစ်မျိုးစုံ၊ ရေနံစိမ်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် ယာဉ်များ သိမ်းဆည်းရမိ

နေပြည်တော် ဇွန် ၁၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၅ ဒသမ ၉၂၂ တန်၊ သစ်မာ ၀ ဒသမ ၃၉၀ တန်နှင့် အခြားသစ် ၇ ဒသမ ၁၂၈ တန် (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၉၆၂၁၇) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇွန် ၁၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၄၂၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန် ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်အထွက်စစ်ဆေးရေးဂိတ်၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Uniqlo ကျားဝတ် ဘောင်းဘီရှည်အထည် ၂၅၀၊ GAP ကျားဝတ်အင်္ကျီ အထည် ၂၁၀ အပါအဝင် ကုန်ပစ္စည်းကိုးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈၄၇၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Succeed တစ်စီးနှင့် Toyota Probox တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ မိုင်းပျဉ်းမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Chain Saw Blades ၄၅၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၂၀၀၀၀၀၀) ကို လည်းကောင်း (စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေ ကျပ် ၁၄၅၄၇၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇွန် ၁၂ ရက်တွင် ကချင် ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် မြစ်ကြီးနားမြို့နယ်၌ လိုင်စင်မဲ့ယာဉ်များဖြစ်သည့် Toyota Wish တစ်စီး၊ Toyota Noah တစ်စီးနှင့် Toyota Pajero တစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈၀၀၀၀၀၀ ကိုလည်းကောင်း၊ လိုင်စင်မဲ့ဆိုင်ကယ်များဖြစ်သည့် Canda 125 လေးစီးနှင့် Kenbo 125 တစ်စီး ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၀၀၀၀၀ ကိုလည်းကောင်း (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇွန် ၁၂ ရက်တွင် နေပြည်တော်ကောင်စီတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်လမ်းဆုံ၌ လိုင်စင်မဲ့ Honda Fit ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀၀၀၀၀၀) ကို ပို့ကုန် သွင်းကုန် ဥပဒေအရလည်းကောင်း၊ လယ်ဝေးမြို့နယ်၌ တရားမဝင်ကျွန်းသစ် ၁၂ ဒသမ ၄၅၇ တန်၊ အခြားသစ် ၃၃ ဒသမ ၇၀၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၃၈၃၆၅) ကို သစ်တောဥပဒေအရလည်းကောင်း (စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃၃၃၈၃၆၅) ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိ သည်။

အလားတူ ဇွန် ၁၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ကြက်သွန်ဖြူ ပိဿာ ၉၅၅၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၆၈၁၄၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန် ၁၂ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သရက်ခရိုင် သရက်မြို့နယ် သရက်-အောင်လံ မြစ်ကူးတံတားအနီး၌ ယာဉ်တစ်စီးပေါ်မှ တရားမဝင်ရေနံစိမ်း ဂါလန် ၁၂၆၀ နှင့် Kawa တံဆိပ် အင်ဂျင်စက်တစ်လုံး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၄၅၁၀၀၀၀) နှင့် အဆိုပါရေနံစိမ်းများ တင်ဆောင်လာသည့် Toyota Light Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀) (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၅၁၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇွန် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၇ မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆၂၄၇၈၅၈၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်