ရန်ကုန် ဇွန် ၁၃
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်တွင်း၊ ပြည်ပသင်တန်းသားသစ်ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။
ကြွရောက်တော်မူ
အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော သင်ကြားဆရာတော်ကြီးများ၊ သင်ကြားသီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်သို့ တက်ရောက်ကြမည့် ပြည်တွင်း၊ ပြည်ပ သင်တန်းသားသစ်များ၊ ဆရာ ဆရာမများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒက သြဝါဒကထာ၊ သမ္မောဒနီယသန္ဒေသကထာနှင့် Welcome Speech ကို မိန့်ကြားချီးမြှင့်တော်မူပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သင်တန်းအသီးသီးသို့ တက်ရောက်ကြမည့် ပြည်တွင်း၊ ပြည်ပ သင်တန်းသားသစ်ရဟန်းများအား တက္ကသိုလ်တံဆိပ်ပါ ကတ္တီပါယပ်များကိုလည်းကောင်း၊ သင်တန်းသားသစ် သီလရှင်များ၊ အမျိုးသားများနှင့် အမျိုးသမီးများအား တက္ကသိုလ်တံဆိပ်ပါ ယောဂီလောဘက်များနှင့် တက္ကသိုလ်တံဆိပ်ပါ လက်ဆွဲအိတ်များကိုလည်းကောင်း သင်တန်းသားသစ်များအဖြစ် အသိအမှတ်ပြုသောအားဖြင့် အပ်နှင်းချီးမြှင့်တော်မူသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ထေရဝါဒဗုဒ္ဓသာသနာပြု သင်တန်းအသီးသီးကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ မြန်မာနိုင်ငံအပါအဝင် ပြည်တွင်း၊ ပြည်ပ ၁၈ နိုင်ငံမှ သင်တန်းသား ရဟန်း၊ သီလ ရှင်၊ လူပုဂ္ဂိုလ်စုစုပေါင်း ၃၄၃ ပါး / ဦး တက်ရောက် သင်ယူလျက်ရှိကြပြီး ပါမောက္ခချုပ်ဆရာတော် အမှူးပြုသည့် သင်ကြားဆရာတော်ကြီးများက ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ၊ ပါဠိ၊ သမထ၊ ဝိပဿနာ ဘာသာရပ်များကို မြတ်ဗုဒ္ဓ၏ ထေရဝါဒဒေသနာတော်နှင့်အညီ ဦးစားပေးသင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်