နေပြည်တော် ဇွန် ၁၁
(၈) ကြိမ်မြောက် အာဆီယံကျန်းမာရေးအစုအဖွဲ့ (၁) ၏ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံအဆင့်မြှင့်တင်ခြင်း အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မကူးစက်နိုင်သောရောဂါများသည် အရေးကြီးသော ပြည်သူ့ကျန်းမာရေး ဦးစားပေးကိစ္စရပ်အဖြစ် အသိအမှတ်ပြုထားသည့်အတွက် ကျန်းမာရေးကဏ္ဍတွင် အရေးကြီးသော လုပ်ငန်းစဉ်များအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်ကုသရေးအတွက် ကျေးလက်ဒေသ အောက်ခြေအထိ မကူးစက်နိုင်သောရောဂါကုသရေး ဆေးခန်းများဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု၏ နောက်ဆက်တွဲအဖြစ် စိတ်ကျန်းမာရေး၏ အရေးပါမှုကို မီးမောင်းထိုးပြခဲ့ပါသဖြင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုများတွင် စိတ်ကျန်းမာရေးစောင့် ရှောက်မှုများကိုထည့်သွင်း၍ မွေးစအရွယ်မှသေဆုံးသည်အထိ စောင့်ရှောက်မှုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်မှုတွင်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ချက်အတိုင်း စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးမှုပုံစံများကျင့်သုံးရာတွင် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် တတိယမြောက်ကျင့်သုံး သောနိုင်ငံဖြစ်ပါကြောင်း။
အာဆီယံ ၂၀၁၅ ခုနှစ်လွန် ကျန်းမာရေးဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းစဉ် ၂၀၂၁-၂၀၂၅ နှင့် အာဆီယံ ကျန်းမာရေးအစုအဖွဲ့များ၏ လုပ်ငန်းအစီအစဉ် များကို အကောင်အထည်ဖော်ရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆုံးရှုံးသွားသောအချိန်နှင့် အရှိန်အဟုန်ကို အမီလိုက်နိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာအရင်းအမြစ်များကိုအသုံးပြု၍ အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အာဆီယံကျန်းမာရေးကဏ္ဍသည် အမှန်တကယ်ပင် အာဆီယံပြည်သူများ၏ ဘဝနေထိုင်မှုပုံစံကို တန်ဖိုးထားကာ အပြောင်းအလဲဖြစ်စေပြီး ဒေသတွင်းလျင်မြန်စွာပြောင်းလဲနေသော လိုအပ်ချက်များနှင့် စိန်ခေါ်မှုများကို တုံ့ပြန်ဆောင်ရွက်လျက်ရှိသည်ကို အသိအမှတ်ပြု မှတ်တမ်းတင်ပါကြောင်း၊ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ASEAN Health Sector Development အတွက် ဆောင်ရွက်ပြီးစီးမှုများကို ပြန်လည်သုံးသပ်၍ ရှေ့ဆက်ဆောင်ရွက်မည့် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများမြှင့်တင်ရေး လုပ်ငန်းများကိုလည်း မြန်မာနိုင်ငံအနေဖြင့် အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးတွင် တက်ရောက်လာသည့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များက မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ် ကုသရေး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုနှင့် သောက်သုံးမှုထိန်းချုပ်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်သားများ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ စိတ်ကျန်းမာရေး၊ သက်ကြီးရွယ်အို ကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေးနှင့်ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်ရွေးချယ်ရေးတို့ကို ဆွေးနွေးမည်ဖြစ်ပြီး အစည်းအဝေးကို ဇွန် ၁၃ ရက် အထိ ကျင်းပမည်ဖြစ်သည်။
အဆိုပါအစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများမှတာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်တွင်း/ပြည်ပမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်