နေပြည်တော် ဇွန် ၁၁
တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့–GACC သို့ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များနှင့် စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးခြင်းဆိုင်ရာအသိပညာပေးအစီအစဉ်ကို ယမန်နေ့နံနက်ပိုင်းက မန္တလေးမြို့ (၃၄) လမ်းနှင့် (၇၈) လမ်းထောင့်ရှိ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ညီနောင်အသင်းအဖွဲ့များနှင့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တက်ဟုန်းပြည်နယ် ကုန်သည်ကြီးများ အသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနား ပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ တင်ပို့လျက်ရှိသော ပုဂ္ဂလိကကုမ္ပဏီ လုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံအကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့-GACC၏ လမ်းညွှန်ချက်နှင့်အညီ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကို မဖြစ်မနေဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ GACC သို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ စာရွက်စာတမ်းဖြင့်ဖြစ်စေ၊ အွန်လိုင်းစနစ်ဖြင့်ဖြစ်စေ လျှောက်ထားရာတွင် အချက်အလက်များမှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်ရန်နှင့် စစ်ဆေးရေးဆောင်ရွက်ရာတွင် လျှောက်ထားသည့် ကုမ္ပဏီများအနေဖြင့် ကြိုတင်ပြင်ဆင်ရမည့် အချက်အလက်များ သိရှိနားလည်စေရန် ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင် အဖွဲ့ (GACC) တို့အကြား အပင်ပိုးမွှားရောဂါ ကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက်သဘောတူစာချုပ် (SPS Protocol) များ လက်မှတ်ရေးထိုးထားရှိမှုမှာ သီးနှံအနေဖြင့်ဆန်၊ ပိုးအိမ်ခြောက်၊ ပြောင်းနှင့်ငှက်ပျောစသည့် Protocol လေးခု၊ မွေးမြူရေးနှင့် သဘာဝမှဖမ်းဆီးရရှိသည့် ရေထွက်ပစ္စည်းတင်ပို့ခြင်းနှင့် သက်ဆိုင်သော Protocol နှစ်ခုနှင့် ကျွဲ၊ နွားအရှင်တင်ပို့ရေးနှင့် သက်ဆိုင်သည့် Protocol တစ်ခု စုစုပေါင်းခုနစ်ခုဖြစ်ပြီး ဆက်လက်၍ ပို့ကုန်အလားအလာရှိသော SPS Protocol များ လက်မှတ်ရေးထိုး နိုင်ရေးအတွက်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အသိပညာပေးအစီအစဉ် ဖွင့်လှစ်ပို့ချရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အစီအစဉ် ဒုတိယပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက တရုတ်နိုင်ငံအကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့–GACC သို့ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များနှင့် စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးခြင်းဆိုင်ရာများကို အသိပညာပေးဆွေးနွေးကြသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ လယ်ယာထွက်ပစ္စည်းတင်ပို့မှုစုစုပေါင်း ၃၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီးအရေးကြီးသည့် ကုန်သွယ်ဖက်နိုင်ငံဖြစ်သည်နှင့် အညီကုန်သွယ်မှုဆိုင်ရာ လိုအပ်ချက်များကို ကုမ္ပဏီများလိုက်နာဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ ယခုဖွင့်လှစ်ပို့ချသည့် “အသိပညာပေးအစီအစဉ်”သည် ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် များစွာအထောက်အကူဖြစ်စေမည်ဖြစ် ကြောင်းသိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေး ထွက်ကုန်များအရည် အသွေးစစ်ဆေးရေးဓာတ်ခွဲခန်း (မန္တလေး) တွင် ဓာတ်ခွဲခန်းပညာ ရှင်များနှင့်တွေ့ဆုံ၍ ခေတ်စနစ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ဓာတ်ခွဲခန်းပညာရပ်အသစ်များ စဉ်ဆက်မပြတ် ဆည်းပူးလေ့လာသွားကြရန်နှင့် ပညာရှင်အချင်းချင်း နည်းပညာမျှဝေဖလှယ်သော အလေ့အကျင့်ကောင်းများဖြင့် စွမ်းဆောင်ရည်မြင့်မားသော မျိုးဆက်သစ်ဓာတ်ခွဲ ခန်းပညာရှင်များ မွေးမြူပျိုးထောင်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံရေးစီမံကိန်းများ အောင်မြင်စွာအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေး၊ အဓိကသီးနှံ ၁၀ မျိုး ပန်းတိုင်အထွက်ရရှိရေးကျရာ ကဏ္ဍကပညာရှင်ဆန်သော စွမ်းဆောင်မှုထုတ်ဖော်ပြသနိုင်ရေးနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ ကျင့်ဝတ်သိက္ခာနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာခရိုင်စိုက်ပျိုး ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ခရိုင်နှင့်မြို့နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်လေးခုမှ ဒေသခံတောင်သူများကို တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်