Skip to main content

စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇွန် ၈

စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အတည်ပြုပြီး စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဗဟိုကော်မတီ၊ ဒေသဆိုင်ရာကော်မတီ၊ စီမံခန့်ခွဲရေးကော်မတီများဖွဲ့စည်းပြီး စက်မှုဇုန်အသစ်များ စနစ်တကျ ထူထောင်သွားရန်၊ တည်ထောင်ပြီး စက်မှုဇုန်များကို အဆင့်မြှင့်တင်ရန်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များတွင် ပြန့်ကျဲတည်ရှိနေသော စက်မှုလုပ်ငန်းများကို စက်မှုဇုန်များတွင် စုပေါင်းလုပ်ကိုင်စေခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ ခံစားရရှိစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်နှင့် နိုင်ငံ့စီးပွားတိုးတက်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဗဟိုကော်မတီအနေဖြင့် မူဝါဒနှင့်လမ်းညွှန်ချက်များ ချမှတ်ပေးသွားမည်ဖြစ်ပြီး ဒေသဆိုင်ရာ ကော်မတီများသည် အဓိကတာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စီမံခန့်ခွဲရေးကော်မတီများကိုလည်း ယခင်ကထက် ပိုမိုအားကောင်းအောင် ဖွဲ့စည်းပေးရမည်ဖြစ်ကြောင်း၊ အစည်းအဝေးတက်ရောက်လာသူများအနေဖြင့် စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးပေးရန် ဖိတ်ခေါ်ပါကြောင်း ပြောကြား သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တည်ထောင်ပြီး စက်မှုဇုန်များကို ပြဋ္ဌာန်းပြီးဖြစ်သည့် ဥပဒေ၊ နည်းဥပဒေများအရ စက်မှုဇုန်အရွယ်အစားများကို သတ်မှတ်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စက်မှုဇုန်များကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က စက်မှုဇုန်ဥပဒေနှင့် စက်မှုဇုန်နည်းဥပဒေများ ပြဋ္ဌာန်းခြင်း၊ စက်မှုဇုန်ဥပဒေ၏ ရည်ရွယ်ချက်၊ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဖွဲ့စည်းခြင်း၊ စက်မှုဇုန်အသစ်တည်ထောင်ခြင်းနှင့် သတ်မှတ်ကြေညာခြင်း၊ တည်ထောင်ပြီး စက်မှုဇုန်များရှိ စက်မှုလုပ်ငန်းများနှင့် ဆောင်ရွက်ဆဲ စက်မှုဇုန်စီမံကိန်းများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူးက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းများ တည်ထောင်လည်ပတ်နေမှု၊ စက်မှုဇုန်ဥပဒေနှင့် နည်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်မည့် အခြေအနေကိုလည်းကောင်း၊ စက်မှုဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့မှု၊ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌက စက်မှုဇုန်အတွင်း လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ Good Brother Co.,Ltd က တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ပေးချက်အရ ကြိတ်လုံးနှစ်လုံးတပ် ဝါကြိတ်စက်ကို နေရောင်ခြည်စွမ်းအင်ဖြင့် အသုံးပြုနိုင်ရေးအတွက် စမ်းသပ်ထုတ်လုပ်နေမှုကိုလည်းကောင်း၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌများနှင့် တက်ရောက်လာသူများက စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များနှင့် ဆောင်ရွက်သင့်သည့် အချက်များကိုလည်းကောင်း အကြံပြုဆွေးနွေး တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အမှတ် (၂) စက်မှု သင်တန်းကျောင်း (မန္တလေး) သို့ရောက်ရှိရာ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ သင်တန်းကျောင်းအဆင့်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အထည်အလိပ်သင်တန်းနှင့်ပတ်သက်၍ ကာလတို သင်တန်းများဖွင့်လှစ်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးတို့က လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အထည်ချုပ်သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် စက်များတပ်ဆင်ထားရှိမှု၊ သင်တန်းကျောင်းအဆင့်မြှင့်တင်နိုင်ရေးအတွက် စက်ပစ္စည်းများ ထပ်တိုးတပ်ဆင်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်