နေပြည်တော် မေ ၁၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့်အတူ ဟိုပုံးမြို့နယ်လွယ်အွန့်ကျေးရွာသို့သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်စီးပွားမြင့်မားရေး RBF ရန်ပုံငွေဖြင့် ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ အစုအဖွဲ့ဖြင့်ဆောင်ရွက်သောလုပ်ငန်းဖြစ်၍ မိသားစုဝင်ငွေတိုးရေး၊ ဒေသ၏အသားငါးဖူလုံရေးတွင် အထောက်အကူဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဝိုင်းဝန်းကူညီဖြေရှင်းပေး
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့သွားရောက်ပြီး ဆီဆိုင်ဒေသမှ ယာယီတွဲဖက်ထားသော ဝန်ထမ်းများ၊ ဝန်ကြီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံကာ ဆီဆိုင်ဒေသတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းမိသားစုဝင်များ၏ အခက်အခဲများကို ဝိုင်းဝန်းကူညီဖြေရှင်းပေးရန်မှာကြားပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အားပေးစကားပြောကြားသည်။ ထို့နောက် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဟိုပုံးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ RC နှစ်ထပ်ရုံးသစ်တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးသည်။
ထောက်ပံ့ငွေများပေးအပ်
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသို့သွားရောက်၍ လက်ရက်ကန်း ခြောက်လသင်တန်းတက်ရောက်နေသော သင်တန်းသူများ၏ လက်တွေ့သင်ယူနေမှုကို ကြည့်ရှုအားပေးသည်။ ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ နိုင်ငံတော်အစိုးရအနေဖြင့် ဝါစိုက်ပျိုးရေးနှင့် ချည်မျှင်ထုတ်လုပ်ရေးလုပ်ငန်းကို အားပေးဆောင်ရွက်လျက်ရှိရာ ရက်ကန်းသင်တန်းကျောင်းများအနေဖြင့် ချည်ထည်ရက်လုပ်ခြင်းနှင့် ဆိုးဆေးလုပ်ငန်းတို့တွင် သုတေသနတီထွင် စမ်းသပ်ထုတ်လုပ်မှုများအောင်မြင်စေရေး ဆောင်ရွက်ကြရန်တိုက်တွန်းမှာကြားပြီး ကယားပြည်နယ်မှ ယာယီတွဲဖက်ထားသောဝန်ထမ်းများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှဝန်ထမ်းများကို ထောက်ပံ့ငွေများပေးအပ်သည်။
ကြိုးပမ်းဆောင်ရွက်
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ် ဘော်နင်းခေတ်မီစံပြကျေးရွာသို့သွားရောက်၍ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေးကိုအခြေခံသော စံပြကျေးရွာအဖြစ် ပတ်ဝန်းကျင်ကျေးရွာများက အတုယူအားကျလောက်အောင် ကြိုးပမ်းဆောင်ရွက်ရန်၊ IT ခန်းမနှင့်တွဲ၍ ကျေးရွာစာကြည့်တိုက်ဖွင့်လှစ်ရန် တိုက်တွန်းမှာကြားပြီး စာအုပ်စာစောင်များရရှိရေးအတွက် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်ပေးခဲ့သော မော်တော်ဆိုင်ကယ်ပြုပြင်နည်း သင်တန်းတက်ရောက် အောင်မြင်ပြီးသူများ ဖွင့်လှစ်ထားသော မိုးသောက်ကြယ်ဆိုင်ကယ်ပြုပြင်ရေးနှင့် Shan Star ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းတို့ကို သွားရောက်အားပေးကြည့်ရှုသည်။ အဆိုပါ လုပ်ငန်းရှင်လူငယ်များသည် ရာသီသီးနှံများ စိုက်ပျိုးခြင်းအပြင် ဆိုင်ကယ်ပြင်လုပ်ငန်းမှလည်း လစဉ်အပိုဝင်ငွေ ကျပ်တစ်သိန်းခွဲခန့်ရရှိကြောင်း သိရသည်။
သတင်းစဉ်