နေပြည်တော် မေ ၁၄
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာသက်ဝင်စေခဲ့ကာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ဆက်လက်၍ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂) တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြပြီး ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများတွင် သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများတွင် သက်ဆိုင်ရာသင်တန်းကျောင်းအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့် အမှာစကားများပြောကြားခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဖွင့်ပွဲများသို့ တက်ရောက်အားပေးချီးမြှင့်ကြကာ သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။
သင်တန်းဖွင့်ပွဲများအပြီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂)မှ သင်တန်းသားများအား တွေ့ဆုံအမှာ စကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး သင်တန်းအမှတ်စဉ် (၂) တွင် တက်ရောက်ကြမည့်သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂) မှ သင်တန်းသားများအနေဖြင့် နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံ့တာဝန်များကို ဂုဏ်ယူစွာ ထမ်းဆောင် ကြတော့မည်ဖြစ်ပြီး ထိုသို့တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုကြားသိရသည် -
“နိုင်ငံသားတစ်ယောက် အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေက မဖြစ်မနေ တာဝန်ထမ်းဆောင်ရမယ် လို့တော့ ယုံကြည်ပါတယ်။ ဒီလိုမျိုး ဥပဒေချမှတ် တယ်ဆိုတာကလည်း နိုင်ငံတော်အကျိုး ပြုရေးအတွက်၊ ပြည်သူပြည်သားများ အားလုံးကောင်းစားရေးအတွက် လုပ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဥပဒေဟာဆိုရင်လည်း အရင်ကတည်းက ရေးဆွဲထားခြင်းဖြစ်ပြီး ဒီဥပဒေက အခုမှ အသက်သွင်းတာဖြစ်ပါတယ်။ သင်တန်းဆင်းသွားရင်လည်း ပေးအပ်တဲ့တာဝန်ကို ကျွန်တော်တို့ အပြည့်အဝထမ်းဆောင်ပြီး ပြည်သူပြည်သားအားလုံးကိုလည်း လုံခြုံမှုရှိစေဖို့ ကျွန်တော်တို့ တာဝန်ယူပါမယ်လို့ သစ္စာဆိုထားပါတယ်”။
“ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၂) ကို တက်ရောက်ဖြစ်တာကတော့ ကျွန်တော့်စိတ်သဘောဆန္ဒအရ တက်ရောက်ဖြစ်တာပါ။ စစ်ပညာတွေကိုလည်းသင်ယူချင်လို့ပါ။ အမှတ်စဉ်(၁)က သူငယ်ချင်းတွေကိုလည်း အားကျလို့လာတက်တာပါ။ နိုင်ငံတော်ကာကွယ်ရေးအတွက် ကျရာကဏ္ဍကနေ အကောင်းဆုံးကြိုးစားသွားမှာပါ”။
သတင်းစဉ်