ရန်ကုန် မေ ၁၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ၏ ကြီးကြပ်မှုဖြင့် တတိယအကြိမ် အခမဲ့မျက်စိစမ်းသပ် စစ်ဆေးခွဲစိတ်ကုသမှုကို ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဟိန္ဒူ) က ပံ့ပိုးလှူဒါန်းပြီး ဗဟိုအထောက်အကူပြု အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့က စီစဉ်ကြီးကြပ်ဆောင်ရွက်ခဲ့သည်။
တတိယအကြိမ် စက္ခုဒါနမျက်စိအလင်းရရှိနိုင်ရေးအတွက် မျက်စိဝေဒနာရှင် ၁၄၄ ဦးကို တောင်ဒဂုံမြို့နယ် ရတနာမျက်စိဆေးရုံ၌ မေ ၉ ရက် နံနက်ပိုင်းတွင် စမ်းသပ်စစ်ဆေးခဲ့ပြီး ခွဲစိတ်ကုသမှုခံယူရမည့် မျက်စိဝေဒနာရှင် ၅၄ ဦး တွေ့ရှိခဲ့ရသည်။
အဆိုပါ ခွဲစိတ်ကုသရမည့် မျက်စိဝေဒနာရှင်များအနက် မေ ၁၂ ရက် တွင် ၄၄ ဦး၊ မေ ၁၃ ရက်တွင် ၁၀ ဦးခွဲစိတ်ကုသရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌဦးဝဏ္ဏ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးမင်းဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ ဗဟိုအထောက်အကူပြု အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မြသွေးနှင့် ဗဟို၊ တိုင်းအလုပ်အမှုဆောင်များ၊ ခရိုင်များမှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်အားပေးကြသည်။
ထိုနေ့များတွင် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ဗဟို (ဟိန္ဒူ) အလုပ်အမှုဆောင် ဦးဝင်းထွန်းနှင့် ဟိန္ဒူအဖွဲ့ဝင်များက နံနက်စာလှူဒါန်းကျွေးမွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်