ရန်ကုန် မေ ၁၃
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်၊ အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ(ACC)နှင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု လေ့ကျင့်ရေးကော်မတီဝင်များ၊ သက်ဆိုင်ရာအလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစံသတ်မှတ်ရေး ကော်မတီဝင်များ၊ UMFCCI၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ NSSA ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရယူမည့် ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ် ရေးဌာနတာဝန်ခံများ၊ စစ်ဆေးရေးမှူးများနှင့် စစ်ဆေးအကဲဖြတ်သူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးလုပ်ငန်းစဉ် ဆောင်ရွက်ပြီးစီးမှုအနေဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ် မေ ၉ ရက်အထိ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး ဌာန ၂၆၃ ခု၊ စစ်ဆေးအကဲဖြတ်သူ ၈၃၈ ဦး၊ စစ်ဆေးရေးမှူး ၁၀၂ ဦးကို အသိအမှတ်ပြုခဲ့ပြီး အလုပ်အကိုင် ၅၂ မျိုးတွင် ဖြေဆိုသူ ၂၈၅၈၄ ဦး ဖြေဆိုခဲ့မှုအနက် ၂၆၂၂၃ ဦးကို ကျွမ်းကျင်လုပ်သားများအဖြစ် အသိအမှတ်ပြုခဲ့ကြောင်း။
ဧပြီလတွင် ဖြေဆိုသူ ၇၀ ကို စစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီး မေလတွင် ဖြေဆိုသူ ၂၀၄ ဦးကို စစ်ဆေးအကဲဖြတ်မည်ဖြစ်ကြောင်း၊ အဆိုပြုစာရင်းတင်ပြပြီးသော လုပ်ငန်းကဏ္ဍများ၊ ကော်မတီများအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အစောပိုင်းကာလ ပထမခြောက်လပတ်အတွင်း စစ်ဆေးအကဲဖြတ်မှုကို တွန်းအားပေးဆောင်ရွက်ရန်လိုကြောင်း၊ စစ်ဆေးအကဲဖြတ်ရေးလျာထားချက် ပြည့်မီအောင် ဆောင်ရွက်နိုင်ရန်လုပ်ငန်းရှင်များ၊ Assessment Center များ၊ Chief Assessor နှင့် Assessor များအားလုံး ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့မှ အလုပ်အကိုင် ၁၄ မျိုးအတွက်ကျွမ်းကျင်လုပ်သား ၆၃၁ ဦးကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ UMFCCI အထွေထွေအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံဂဟေအင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်တို့မှ ကိုယ်စားလှယ်များက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများ၊ သက်ဆိုင်ရာနိုင်ငံအလိုက် ခေါင်းဆောင်များ၊ ထိုင်းလိုင်စင်ရ အေဂျင်စီများနှင့်တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများ စနစ်တကျဖြင့် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်နိုင်ရေးနှင့် ကောင်းမွန်သောအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးတို့အတွက် ဆွေးနွေးပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ထက်ဦးသင်တန်းကျောင်း (ရန်ကုန်) စစ်ဆေးအကဲဖြတ်ရေးဌာန၌ ကြွေပြားကပ်အဆင့် (၁) အလုပ်အကိုင်အတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နေမှုကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်