နေပြည်တော် မေ ၁၃
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မရမ်းကုန်းမြို့နယ်ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးဦးစီးဌာန ကမ္ဘာအေးစာပုံနှိပ်တိုက်သို့ သွားရောက်စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ပိဋကတ်သုံးပုံ အဋ္ဌကထာ ၅၁ အုပ်အား မူလခဲစာလုံး စာစီဆဋ္ဌမူမှ ခေတ်မီကွန်ပျူတာစာစီမူ ပြည်ထောင်စုဖောင့်ဖြင့် ပြောင်းလဲပြင်ဆင်စိစစ်ရာတွင် ပထမဦးစွာ စိစစ်တည်းဖြတ်ပြီးဖြစ်သော ပါရာဇိကကဏ္ဍအဋ္ဌကထာ (ပထမတွဲ) ကိုစတင်၍ ပုံနှိပ်စက်တင်ရိုက်နှိပ်နေမှု၊ ပါဠိပထမပြန်စာမေးပွဲများ ဖြေဆိုအောင်မြင်ကြသည့် သံဃာတော်များအား နှစ်စဉ်ဆက်ကပ်ချီးမြှင့်လှူဒါန်းသည့် စာအောင်ဆု ကျမ်းရှစ်မျိုး၊ ဘွဲ့တံဆိပ်တော်များ၊ ဝိနည်းဓိုရ်ကျမ်းစာအုပ်များ၊ ပိဋကတ် သုံးပုံမြန်မာပြန် ၃၂ အုပ်တွဲနှင့် ဗုဒ္ဓဝင် (၆-တွဲ၊ ၈-အုပ်) ရိုက်နှိပ်ချုပ်လုပ်နေမှုနှင့် ပဋ္ဌာန်းပါဠိတော် ငါးကျမ်းတွဲရိုက်နှိပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာအေးစာပုံနှိပ်တိုက်တွင် ရိုက်နှိပ်လျက်ရှိသော ကျမ်းစာအုပ်အမျိုးမျိုးနှင့်ပတ်သက်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆဋ္ဌသင်္ဂါယနာမူအတိုင်း လိုက်နာဆောင်ရွက်ရေး၊ စာဖြေသံဃာတော်များ လိုအပ်သောကျမ်းစာအုပ်များ အဆက်မပြတ် ပုံနှိပ်ထုတ်ဝေဖြန့်ချိနိုင်ရေး၊ ကျမ်းစာအုပ်များနှင့် စာအုပ်အမျိုးမျိုးဆောင်ရွက်ရာတွင် အရည်အသွေးချုပ်လုပ်မှု သပ်ရပ်ကောင်းမွန်ခိုင်ခံ့စေရေး၊ လိုအပ်သောစာအုပ်များကို အရည်အသွေးကောင်းမွန်စွာ အရေအတွက်များများနှင့် မှန်မှန်ကန်ကန်ထုတ်ဝေနိုင်ရေး၊ မိမိဌာနရှိပြီးဖြစ်သော ပုံနှိပ်စက်နှင့်စက်ပစ္စည်းများအားလုံး အဆက်မပြတ် အသင့်အနေအထားဖြင့် ရိုက်နှိပ်ဖြတ်တောက်ချုပ်လုပ် နိုင်ရေးအဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် သာသနာတော်ဆိုင်ရာ အခမ်းအနားများ၊ သံဃာတော်များ၏ စာမေးပွဲဆိုင်ရာကိစ္စရပ် များနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်ကာလများအလျောက် အချိန်မီ ဆောင်ရွက်ပေးနိုင်ရေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်