Skip to main content

အဆင့်မြင့်သံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၇/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် မေ ၁၃

နိုင်ငံခြားရေးဝန်ကြီးဌာနမှဖွင့်လှစ်သည့် အဆင့်မြင့်သံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၇/၂၀၂၄) နေပြည်တော်တန်းခွဲနှင့် ရန်ကုန်တန်းခွဲတို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမနှင့် ရန်ကုန်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ဇင်းမင်းရာဇာခန်းမတို့တွင် တစ်ပြိုင်တည်းကျင်းပရာ ဒုတိယဝန်ကြီးဦးလွင်ဦးက နေပြည်တော်၌တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ တက္ကသိုလ်များမှ ပါမောက္ခဆရာကြီး ဆရာမကြီးများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

အဆင့်မြင့်သံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းများကို အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း တက်ရောက်အောင်မြင်ပြီးသူ အစိုးရဝန်ကြီးဌာနများ နှင့်အဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းများနှင့် ပြင်ပပုဂ္ဂလိကနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များအား သံတမန်ရေးရာနှင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်များကို ပိုမိုလေ့လာနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ် သည်။

ယခုဖွင့်လှစ်သည့် အဆင့်မြင့်သံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၇/၂၀၂၄) ကို နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) နှင့် (ရန်ကုန်) တို့တွင် တန်းခွဲနှစ်ခုဖြင့် မေ ၁၃ ရက်မှ ဇူလိုင် ၅ ရက်အထိ ရုံးဖွင့်ရက်များတွင် နံနက် ၇ နာရီမှ ၉ နာရီအထိ ရက်သတ္တရှစ်ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသားသင်တန်းသူ ၁၀၀ ခန့် တက်ရောက်ကြသည်။

အဆိုပါသင်တန်းတွင် သံတမန်ရေးရာဘာသာရပ်များ၊ နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ နိုင်ငံတကာဥပဒေများ၊ စီးပွားရေးဆိုင်ရာများ၊ အထွေထွေဗဟုသုတဆိုင်ရာများ စသည့်ဘာသာရပ်များကို သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်