နေပြည်တော် မေ ၁၃
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံသည် မေ ၁၁ ရက် မွန်းလွဲပိုင်းက ကျိုင်းတုံမြို့ အမှတ် (၁) ရပ်ကွက်ရှိ ယဉ်ကျေးမှုပြတိုက်သို့ ရောက်ရှိပြီး ပြတိုက်သို့ လာရောက်လေ့လာသူများ စိတ်ပါဝင်စားမှုရရှိစေရေးအတွက် လုံလောက်သောအလင်းရောင်ရရှိစေရေး ဆောင်ရွက်ရန်၊ ခင်းကျင်းပြသထားသည့် ပစ္စည်းအမျိုးအမည်နှင့် လိုက်ဖက်ညီသည့်အရောင်များကို ရွေးချယ်ခင်းကျင်းပြသရန်နှင့် လာရောက်လေ့လာသူများ သက်သောင့်သက်သာဖြင့် ကြည့်ရှုနိုင်ရေးအတွက် ပြသပစ္စည်းများကို သင့်တော်သည့် နေရာတွင် ပြောင်းလဲခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အမှတ် (၄) ရပ်ကွက်ရှိ ယဉ်ကျေးမှုပြတိုက် အသစ်သို့သွားရောက်ကြည့်ရှုပြီးခင်းကျင်းပြသရာတွင် အများပြည်သူစိတ်ပါဝင်စားမှုရရှိစေရေးအတွက် ပြခန်းအနေအထားပေါ်မူတည်ပြီး ပစ္စည်းများကို ပြောင်းရွှေ့ခင်းကျင်း ပြသထားရှိသွားရန်၊ ပြခန်းများတွင် Touch Screen နှင့် ဆက်စပ်ပစ္စည်းများအသုံးပြု၍ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို လွယ်ကူစွာလေ့လာသိရှိနိုင်ရေး ထားရှိဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်