နေပြည်တော် မေ ၁၃
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာသက်ဝင်စေခဲ့ကာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောင်မြင်စွာဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ဆက်လက်၍လည်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုသို့ သင်တန်းကျောင်းအသီးသီးရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂) တက်ရောက်ရန်ရောက်ရှိနေသည့် နိုင်ငံ့သားကောင်းရတနာများအား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများကသွားရောက်၍ အားပေးစကားများပြောကြားခြင်း၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်း၊ သင်တန်းဖွင့်ပွဲအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေမှုကိုကြည့်ရှုကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းခြင်းများ ဆောင်ရွက်ပေးကြပြီး ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။