ရန်ကုန် မေ ၁၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ် အပါး (၁၁၂) ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက်ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသော ဆရာတော်ကြီးများ၊ တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓရဓမ္မ ဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်များ၊ တိပိဋက ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အာဂုံသဘောရေးဖြေအောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဒေါက်တာဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးတင်ဦးလွင်နှင့်ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ၎င်းတို့၏ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဩဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ မဟာထေရ်မြတ်ကြီးထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထိုနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက သာရဏီယဩဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူသည်။
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ထို့နောက် (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်အရှင်မြတ်များအား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ ဆက်ကပ်ကြရာ ပိဋကတ်သုံးပုံ အာဂုံရေးဖြေအောင်မြင်တော်မူသဖြင့် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့ရရှိတော်မူသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ တိပိဋကနိကာယကျောင်းတိုက်မှ အရှင်ပညာသိရီလင်္ကာရနှင့် မူလအာဘိဓမ္မိက အောင်မြင်တော်မူကြသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မိုးမိတ်ကုန်းမြေ၊ မင်းကွန်း တိပိဋကနိကာယကျောင်းတိုက်မှ အရှင်ဇနိန္ဒတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ မူလအာဘိဓမ္မိက အောင်မြင်တော်မူကြသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မိုးမိတ်ကုန်းမြေ၊ မင်းကွန်း၊ တိပိဋကနိကာယကျောင်းတိုက်မှ အရှင်ပဏ္ဍဝါ လင်္ကာရ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ တိပိဋကမဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်မှ အရှင်အာစာရာလင်္ကာရနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မိုးမိတ်ကုန်းမြေ၊ မင်းကွန်း၊ တိပိဋကနိကာယကျောင်းတိုက်မှ အရှင်အာနန္ဒပဏ္ဍိတာ လင်္ကာရတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် မူလအာဘိဓမ္မိကဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၁ ပါး၊ ဒီဃနိကာယကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ် ၃ ပါး၊ ဒီဃဘာဏက ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၉ ပါး၊ ဝိနယကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၅ ပါး၊ ဝိနယဓရဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၃၁ ပါး၊ ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၇ ပါး၊ ဥဘတောဝိဘင်္ဂဓရ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ် ၅၁ ပါးတို့အား ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးတင်ဦးလွင်နှင့် ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ၎င်းတို့၏ဇနီးများနှင့်အလှူရှင်များက တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။
(၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် ပိဋကသုံးပုံ အာဂုံရေးဖြေအောင် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့ရသာသနာ့အာဇာနည် အရှင်မြတ် ၁ ပါး၊ ပိဋကနှစ်ပုံခွဲ အာဂုံအောင် မူလအာဘိဓမ္မိက ၅ ပါး၊ ပိဋကနှစ်ပုံရေးဖြေအောင် ဒီဃနိကာယကောဝိဒ ဘွဲ့ရသာသနာ့အာဇာနည်အရှင်မြတ် ၃ ပါး၊ ပိဋကနှစ်ပုံ အာဂုံအောင် ဒီဃဘာဏက ဘွဲ့ရသာသနာ့အာဇာနည် အရှင်မြတ် ၉ ပါး၊ ပိဋကတစ်ပုံရေးဖြေအောင် ဝိနယကောဝိဒဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၅ ပါး၊ ပိဋကတစ်ပုံ အာဂုံအောင် ဝိနယဓရ သာသနာ့အာဇာနည်အရှင်မြတ် ၃၁ ပါး၊ ဝိနည်း (ပထမပိုင်း) ရေးဖြေအောင် ဥဘတောဝိဘင်္ဂကောဝိဒဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၇ ပါး၊ ဝိနည်း(ပထမပိုင်း) အာဂုံအောင် ဥဘတောဝိဘင်္ဂဓရဘွဲ့ရ သာသနာ့အာဇာနည်အရှင်မြတ် ၅၁ ပါး ၊ စုစုပေါင်း ၁၁၂ ပါး အောင်မြင်တော်မူခဲ့ကြောင်း သိရှိရသည်။
ယခု ကျင်းပပြီးစီးခဲ့သည့် (၇၆) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲအထိ (၇၆) နှစ်တာကာလအတွင်း တိပိဋကဓရတိပိဋကကောဝိဒဘွဲ့ တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်သူမြတ် (၁၆) ပါးပေါ်ထွန်းခဲ့ပြီး ယင်းဘွဲ့တံဆိပ်တော်ကို ရရှိပြီး၍ (၅)နှစ်ပြည့်မြောက်သည့်အခါ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ကို နိုင်ငံတော်မှဆက်ကပ်သည့်အတွက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့ရဆရာတော်ကြီး ၁၄ ပါး ပေါ်ထွန်းခဲ့ပြီးဖြစ်ပါသည်။ တိပိဋကဓရ ပိဋကတ်သုံးပုံ အာဂုံဆောင် သာသနာ့အာဇာနည် အရှင်သူမြတ် (၅) ပါးလည်း ပေါ်ထွန်းခဲ့ပြီးဖြစ်၍ တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်အရှင်သူမြတ်များ ဆက်လက်ပေါ်ထွန်းလာမည့် အလားအလားကောင်းများလည်း ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။