Skip to main content

ငါး၊ ပုစွန်နှင့် ရေထွက်ကုန်ကဏ္ဍ နှစ်ဆတိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်း

နေပြည်တော် ဧပြီ ၃၀

ပြည်တွင်း ဖူလုံစွာစားသုံးနိုင်ရေးနှင့် နိုင်ငံခြားငွေတိုးတက် ရှာဖွေပေးနိုင်သည့် ပြည်ပပို့ကုန်အဖြစ် မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ရေသတ္တဝါ မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ ညနေပိုင်းက နေပြည်တော် ရုံးအမှတ်(၃၆)၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယ ဝန်ကြီးက ဈေးကွက်စီးပွားရေး စနစ်နှင့်အညီ ကုန်ထုတ်လုပ်ငန်း များ အားလုံးကို ပုဂ္ဂလိကပိုင်းက ဆောင်ရွက်နေခြင်းဖြစ်၍ နိုင်ငံ တော်၏ အသားတင်ထုတ်လုပ်မှု တန်ဖိုးတိုးတက်ရေးသည် ပုဂ္ဂလိကကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုပေါ် များစွာတည်မှီနေသဖြင့်ဌာနနှင့် ပုဂ္ဂလိကများအကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ မိမိတို့ဌာနဝန်ထမ်းများ အနေဖြင့် အဂတိကင်းကင်းဖြင့် ကျရာအခန်းကဏ္ဍမှ နိုင်ငံတော်နှင့် မိမိဌာန၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊ အမှန်တကယ် အတွေ့အကြုံကောင်းရှိသော အရည်အသွေးပြည့်ဝသူများအဖြစ် ပေါ်ထွန်းလာစေရန်လုပ်ငန်း အခက်အခဲများကိုလည်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ငါးဖမ်း လုပ်ငန်းများကို သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများ၊ တည်ဆဲဥပဒေများ နှင့်အညီဖြစ်စေရေး ထိန်းကျောင်း ကြပ်မတ်လျက်ရှိသကဲ့သို့ ရေရှည် အတွက် GAqP အပါအဝင် ခေတ်မီ နည်းပညာအသုံးပြု ငါး၊ ပုစွန် မွေးမြူထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာရန် လိုအပ်ကြောင်း၊ စီးပွားရေးတိုးတက်ရန်၊ လူမှုရေးဖွံ့ဖြိုးရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိစေရန်၊ နယ်မြေလိုအပ်ချက်အရ ဇုန်များ သတ်မှတ်ထိန်းသိမ်းခြင်း၊ သဘာဝ ငါးမျိုးပွားခြင်းကို ခေတ်မီနည်းစနစ်များ အသုံးပြု၍ လေ့လာသုံးသပ်ခြင်းတို့ဖြင့် ရေရှည်အကျိုးစီးပွားအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများကို စည်းရုံးပညာပေး ဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ငါး၊ ပုစွန် ကဏ္ဍနှစ်ဆတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ကြိုးပမ်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းအတွေ့အကြုံများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ရေလုပ်သားများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တင်ပြကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်