ရန်ကုန် ဧပြီ ၃၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးနှင့် သန်လျင်လူငယ်သင်တန်းကျောင်းများသို့ သွားရောက်စစ်ဆေးရာ လူမှုဝန်ထမ်းဦးစီးဌာန တောင်ပိုင်းခရိုင်ဦးစီးမှူးနှင့် လူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်တို့က လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ သန်လျင်လူငယ်သင်တန်းကျောင်း၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တို့တွင် လုပ်ငန်းဆောင်ရွက်ချက်များကို စနစ်တကျ မှတ်တမ်းထားရှိရန်၊ တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တွင် လူမှုဝန်ထမ်းလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေး မြို့နယ်ရုံးများ ဖွင့်လှစ်နိုင်ရန်၊ သန်လျင်လူငယ်သင်တန်းကျောင်းတွင် လက်ခံထားရှိသော လူငယ်များစာရင်းအား ခုနှစ်အလိုက် ပြုစုထားရှိရန်၊ သင်တန်းကျောင်းနှင့် အဆောက်အအုံများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်ရန်၊ လူငယ်နှင့်ကိုက်ညီမှုရှိသော သင်တန်းများဖြစ်စေရေးနှင့် လူငယ်များစိတ်ပိုင်းဆိုင်ရာ နူးညံ့ ပျော့ပျောင်းမှုရှိစေရေး ဂီတသင်တန်းများ ဖွင့်လှစ်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သန်လျင်လူငယ်သင်တန်းကျောင်းရှိ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေး ၃၅ ဦးနှင့် တရားရင်ဆိုင်ဆဲ ရီမန်ကလေး ၅၂ ဦး စုစုပေါင်း ၈၇ ဦးတို့ကိုတွေ့ဆုံပြီး ဘဝရပ်တည်ရေးအတွက် အသက်မွေးဝမ်းကျောင်းပညာ၊ အခြေခံမူလတန်းပညာနှင့် ကျောင်းပြင်ပပညာရေးတို့ကို မဖြစ်မနေတတ်မြောက်အောင် သင်ယူကြရန်၊ မူးယစ်ဆေးဝါးသုံးစွဲမှုကင်းရှင်းပြီး ကျန်းမာသန်စွမ်း၍ ပတ်ဝန်းကျင်နှင့် နိုင်ငံတော်က အားကိုးအားထားပြုရသော လူငယ်များဖြစ်စေရေး ကြိုးစားနေထိုင်ကြရန်မှာကြားပြီး သင်တန်းကျောင်းအတွင်းရှိ သင်တန်းသားအိပ်ဆောင်၊ စားရိပ်သာ၊ အခြေခံပညာမူလတန်းကျောင်းနှင့် ကျောင်းပြင်ပမူလတန်းပညာရေးကျောင်းဆောင်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သတင်းစဉ်