Skip to main content

ဒသမတန်း လူရည်ချွန်မောင်မယ်များ၏ အင်းလေးဒေသလေ့လာရေးခရီးစဉ်အပေါ် ရင်တွင်းစကားသံများ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒသမတန်းလူရည်ချွန်ကျောင်းသား ကျောင်းသူများသည် အင်းလေးဒေသအတွင်းရှိ အင်းလေးကန်၊ ဟဲယာရွာမကျေးရွာရှိ ငွေထည်လုပ်ငန်း၊ အင်းလေးဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရားတို့ကို ဧပြီ ၃၀ ရက်က ဖူးမြော် ကြည်ညို လေ့လာခဲ့ကြသည်။

အင်းလေးဒေသရှိ သဘာဝအလှတရားများ၊ ဓလေ့ထုံးတမ်းများ၊ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ပုံများနှင့်ရိုးရာလက်မှု လုပ်ငန်းများကို လာရောက်လေ့လာခဲ့သည့် လေ့လာရေးခရီးစဉ်အပေါ် ရင်တွင်းစကားသံများကို ဤသို့ ကြားသိခဲ့ရသည်-

မသီရိသံစဉ် (နှစ်ထပ်ကွမ်းလူရည်ချွန်) တောင်တွင်းကြီးမြို့နယ်၊ မကွေးတိုင်းဒေသကြီး

သမီးအနေနဲ့ တောင်ကြီး၊ အင်းလေးကို တစ်ခါမှ မရောက်ဖူးပါဘူး။ အခုခရီးစဉ်မှာ အတွေ့အကြုံအသစ်တွေ၊ အမြင်အသစ်တွေ အများကြီးရရှိပါတယ်။ အခုလို လေ့လာခွင့်ရအောင် စီစဉ်ပေးတဲ့အတွက် အလွန်ပဲ ကျေးဇူးတင်ပါတယ်။ မရောက်ဖူးတဲ့နေရာတွေ ရောက်တဲ့အတွက် သင်ယူစရာ၊ လေ့လာစရာတွေ အများကြီးရရှိပါတယ်။

မောင်ဆက်ကောင်းစံ (နှစ်ထပ်ကွမ်းလူရည်ချွန်) ဇီးကုန်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး

ပထမဆုံးရောက်ဖူးတဲ့ခရီးစဉ် ဖြစ်ပါတယ်။ တောင်ပေါ်ဒေသကို လာရောက် လေ့လာရတဲ့အတွက် အမြင်အသစ် အဆန်းတွေ မြင်တွေ့ရပါတယ်။ အတွေ့အကြုံတွေလည်း ရရှိပါတယ်။ အင်းလေးကိုလာရတာ အလွန်ပျော်ရွှင်မိပါတယ်။ စက်လှေစီးရတဲ့ အတွေ့အကြုံကလည်း ပျော်စရာကောင်းပါတယ်။ အင်းလေးမှာရှိတဲ့ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာတွေကို လေ့လာခွင့်ရတဲ့အတွက် ကောင်းမွန်တဲ့ ခရီးစဉ်လို့ ဆိုနိုင်ပါတယ်။

မောင်စွမ်းသူအောင် (နှစ်ထပ်ကွမ်းလူရည်ချွန်) ဇမ္ဗူသီရိမြို့နယ် နေပြည်တော်

အခုလို လူရည်ချွန်တွေကို လေ့လာ ရေးခရီးစဉ်တွေ ပို့ဆောင်ပေးတဲ့အတွက် ယဉ်ကျေးမှုထုံးဓလေ့တွေ လေ့လာခွင့်ရခဲ့ပါတယ်။ အင်းလေးကန်အတွင်းမှာ လေ့လာရတဲ့အတွက် ဒေသန္တရဗဟုသုတတွေ များစွာရရှိပါတယ်။ ရေပေါ်မှာ အိမ်ဆောက်တာတွေ၊ ကျွန်းမျောပေါ်စိုက်တဲ့ ရေပေါ်စိုက်ခင်းတွေ၊ လက်မှုပညာလုပ်ငန်းတွေ တွေ့မြင်လေ့လာခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။

မောင်အောင်ကောင်းမြတ်ဥတ္တရသီရိမြို့နယ် နေပြည်တော်

အခုခရီးစဉ်မှာ အလွန်ကို ပျော်ရွှင်မိပါတယ်။ ဗဟုသုတတွေလည်းရပါတယ်။ သူငယ်ချင်း အသစ်တွေလည်း ဖြစ်ခွင့်ရပါတယ်။ အင်းလေးခရီးစဉ်မှာ ကျွန်တော်တို့ကို ဝမ်းပန်းတသာ ကြိုဆိုကြတဲ့အတွက် များစွာဝမ်းမြောက်မိပါတယ်။

မခင်သီရိနိုင် သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး

ဒေသန္တရဗဟုသုတတွေ အများကြီးရသလို ပတ်ဝန်းကျင်သဘာဝအလှ ရှုခင်းတွေလည်း ခံစားတွေ့မြင်ရပါတယ်။ ဒါ့ကြောင့် အများကြီး ကျေနပ်အားရမိပါတယ်။ အင်းထဲမှာ လှေစီးရတဲ့ အတွေ့အကြုံတွေ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စည်းစည်းလုံးလုံးသွားရတဲ့အတွက် ပျော်ရွှင်ရပါတယ်။

တွေ့ဆုံမေးမြန်းနှင့်ဓာတ်ပုံ နေမျိုးသူရိန်