Skip to main content

ပဲခူးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ အထူးဇုန်များ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းစည်းဝေး

နေပြည်တော် ဧပြီ ၃၀

ဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ်ရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံများနှင့် ဝါသီးနှံအထူးဇုန်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၇ ရက်က ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန၊ သုံးဆယ်ရေလှောင်တမံစီမံကိန်း အစည်းဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပဲခူးတိုင်းဒေသကြီး၊ တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ဆီထွက်သီးနှံဇုန်တာဝန်ခံများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် မြေပဲ၊ နှမ်း၊ နေကြာဆီထွက်သီးနှံ သုံးမျိုးကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ သွင်းအားစု ပံ့ပိုးပေးသည့်စနစ်ဖြင့် စီမံကိန်းရေးဆွဲ ဆောင်ရွက်ခဲ့ကြောင်း၊ လာမည့်မိုးနှင့်ဆောင်း ဆီထွက်သီးနှံများ ပိုမိုထွက်ရှိ အောင်မြင်စေရန်အတွက် ဆီထွက်သီးနှံအထူးအထွက်တိုးဇုန်များ သတ်မှတ်၍ ဇုန်တာဝန်ခံများ ခန့်အပ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ဇုန်တာဝန်ခံများက လိုအပ်သည့် မျိုးစေ့၊ သွင်းအားစု၊ ထွန်ယက်ရေးနှင့် စိုက်ပျိုးရေ၊ နည်းပညာတို့ကို သီးနှံအတွက် လိုအပ်ချိန်တွင် ပံ့ပိုးပေးနိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အရင်းမပျောက်ချေးငွေများ ထုတ်ချေးနိုင်ရေး၊ ထွက်ရှိလာသောသီးနှံများ ဈေးကွက်ရရှိရေး စသည့်လုပ်ငန်းများကို သက်ဆိုင်ရာအဆင့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း။

ဇုန်ပြင်ပ စိုက်ဧကများကိုလည်း စိုက်ဧက၊ အထွက်နှုန်းများ မကျဆင်းစေရေးကို တစ်ပါတည်းဆောင်ရွက်ကြရန် ကိန်းဂဏန်းနှင့်စာရင်းဇယာအချက်အလက်များကို အထူးအလေးထား တိတိကျကျမှတ်တမ်းတင်ကြရန်၊ ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် သွင်းအားစုလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကို ဒေသအလိုက် စိစစ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဝါသီးနှံကို ပြည်တွင်းသုံးစွဲမှုဖူလုံစေရန် တိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်းကို ဘဏ္ဍာနှစ်အလိုက် စီမံဆောင်ရွက်သွားမည်ဖြစ်၍ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်စီမံဆောင်ရွက်ကြရန်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များကိုဆွေးနွေးရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ခရိုင် ရွှေတောင်မြို့နယ် နတ်မော်လျှပ်စစ်ရေတင် လုပ်ငန်းတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ရေရရှိရေး အဆိုပြုတောင်သူများနှင့် တွေ့ဆုံ၍ တောင်သူများ၏ အဆိုပြုတင်ပြထားမှုများကို သက်ဆိုင်ရာကြီးကြပ်မှုကော်မတီမှ စနစ်တကျ စိစစ်၍ ချေးငွေများ ချေးပေးနိုင်ရေးစီမံဆောင်ရွက်လျက်ရှိရာ ယခုပထမအကြိမ်အဖြစ် ချေးငွေခွင့်ပြု ချက်ရရှိပြီးဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တိုက်ကြီးမြို့နယ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု၊ လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းတွင် တန်းမြင့်မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်းအမှတ်စဉ် (၄၄)၊ လုပ်ငန်းခွင် မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်းအမှတ်စဉ် (၇၀) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင် လှည်းကူးမြို့နယ် လက်ပံကျေးရွာအနီးရှိ လက်ပံလျှပ်စစ်ရေတင်လုပ်ငန်း ရှင်းလင်းဆောင်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရေရရှိရေး အဆိုပြုတောင်သူများနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေး၍ ဆိုလာစနစ်ဖြင့် ရေတင်လုပ်ငန်းဆောင်ရွက်ခြင်း သရုပ်ပြရှင်းလင်းမှုများနှင့်အတူ တောင်သူများ၏ တင်ပြချက်များနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်