နေပြည်တော် ဧပြီ ၃၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၏ စက်မှုလက်မှုအလုပ်ရုံ (ရန်ကုန်) သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စက်မှုလက်မှုအလုပ်ရုံ (ရန်ကုန်) ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်မှု၊ စက်မှုလက်မှုအလုပ်ရုံ လည်ပတ်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ရာတွင် ဒေသနှင့်ကိုက်ညီပြီး အမှန်တကယ်အကျိုးရှိမည့် သင်တန်းများဖြစ်စေရန်၊ အမှန်တကယ် တတ်မြောက်မှုရှိစေရေး စနစ်တကျသင်ကြားပို့ချပေးရန်နှင့် သင်တန်းပြီးဆုံးပါက တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရေး၊ အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ရန် မှာကြားပြီး အလုပ်ရုံအတွင်း စက်မှုလက်မှုလုပ်ငန်းဆောင် ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့လက်မှုအနုပညာစင်တာ (ရန်ကုန်) သို့ ရောက်ရှိပြီး မြန်မာ့လက်မှုအနုပညာစင်တာဖွင့်လှစ်ရောင်းချမှုကို အများပြည်သူသိရှိရေး၊ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာစေရေးနှင့် ထုတ်ကုန်များ ဈေးကွက်ရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အကူအညီဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ ခရီးသွားလုပ်ငန်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်သမဝါယမဦးစီးဌာနရုံးသို့ ရောက်ရှိပြီး သမဝါယမဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းတာဝန်များကို စေတနာထားဆောင်ရွက်ရန်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များကို လေးစားလိုက်နာရန် ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
သတင်းစဉ်