နေပြည်တော် ဧပြီ ၂၉
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီးဦးရဲတင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
စာဖတ်ခြင်းအလေးထား
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ် ဧပြီ ၃ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်ဖြစ်သည့် စာပေအသိပညာမရှိခြင်းနှင့် အားနည်းခြင်းတို့ကြောင့် နေ့စဉ်လူနေမှုဘဝ၌ အခက်အခဲများနှင့် ကြုံတွေ့ရင်ဆိုင်နေရသူများကို စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန်၊ စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့်စာကြည့်တိုက် ယဉ်ကျေးမှုထွန်းကားရေး လုပ်ဆောင်ကြရန် လမ်းညွှန်မှာကြားချက်ကို ယနေ့သင်တန်းတက်ရောက်လာကြသည့် သင်တန်းသားများက အလေးထားအကောင်အထည် ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ အနေဖြင့်စာဖတ်ခြင်းကို အလေးထားပါကြောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးသည် များပြားသည့်အတွက် စာဖတ်ရှိန်မြှင့်တင်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင်လူငယ်၊ ပညာရေးကဏ္ဍနှင့် စာကြည့်တိုက်သည် အရေးကြီးသည့် ကဏ္ဍကြီးများ ဖြစ်ပါကြောင်း။
ဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ပေါက်မြောက်အောင်မြင်စေရေးအတွက် ဝန်ထမ်းများ စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်မှုသည် အရေးကြီးသကဲ့သို့ ဝန်ထမ်းများ၏ တစ်ဦးချင်းစွမ်းဆောင်ရည်များ တိုးတက်လာစေရေးသည်လည်း အရေးကြီးသည့်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် သင်တန်းနှစ်စဉ်ဖွင့်လှစ်၍ ဝန်ထမ်းများအား လေ့ကျင့်ပေးမှုအားကောင်းသည့် ဌာနအဖြစ်လည်း အသိအမှတ်ပြုပါကြောင်း၊ဌာန၏ လုပ်ငန်းများကို အမှန်တကယ်ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ဝန်ထမ်းများ၏လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားလာစေရန်ဦးတည်၍ လုပ်ငန်းစွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၄)ကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း။
လက်တွေ့လုပ်ငန်းတွင်အသုံးချ
လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များသည်ဌာန၏ လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် လက်တွေ့အသုံးပြုရမည့် ဘာသာရပ်များကို ထည့်သွင်းရေးဆွဲပို့ချပေးခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် သင်ကြားခဲ့ရသည့် ဘာသာရပ်များကို လက်တွေ့လုပ်ငန်းတွင် အသုံးချနိုင်သည်အထိသင်ယူပြီး မိမိတို့နှင့်အတူ လက်တွဲထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများကိုလည်း ပြန်လည်မျှဝေပေးရမည် ဖြစ်ကြောင်း၊ သင်ကြားပေးသည့် ဘာသာရပ်များသာမက ပိုမိုသစ်လွင်ကောင်းမွန်သည့် တီထွင်ဆန်းသစ်မှုများကိုလည်း အမြဲလေ့လာသင်ယူ၍ ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့ ရည်မှန်းချက်တာဝန်များ ပေါက်မြောက်အောင် မြင်စေရေးအတွက် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းသို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရိုင်နှင့် မြို့နယ်ရုံးများမှ ဦးစီးအရာရှိ ၃၀ တက်ရောက်ကြပြီး သင်တန်းကို မေ ၁၁ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်