Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ လှိုင်သာယာမြို့နယ်ရှိ ပဲသန့်စင်စက်နှင့် ဆိပ်ကမ်းများမှကုန်ပစ္စည်းများ သင်္ဘောတင်ဆောင်မှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၈

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့ စက်မှုဇုန်-၄ ရှိ ပြည်ဖြိုးအောင်ကုမ္ပဏီ၏ ပဲသန့်စင်စက်ရုံနှင့် နှမ်းလှော်စက်သို့ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် တာဝန်ရှိသူက ပဲသန့်စင်ထုတ်လုပ်နိုင်မှု၊ ပြည်တွင်း၌ သိုလှောင်ဖြန့်ဖြူးပေးနေမှု၊ ပြည်ပသို့တင်ပို့နိုင်မှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်ရန်မှာကြားပြီး စက်ရုံအတွင်း ကြည့််ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ရွှေပြည်သာတံတားအနီးရှိ မင်းထက်မင်းဆိပ်ကမ်း၊ ရွှေပြည်သာမြို့ရှိ ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းတွင် ပြည်ပသို့ ကုန်ပစ္စည်းများတင်ပို့ရန် သင်္ဘောတင်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပို့ကုန်လုပ်ငန်းဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိစေရေးအတွက် ဌာနဆိုင်ရာ One Stop Service (OSS) အဖွဲ့များက စနစ်တကျစစ်ဆေးဆောင်ရွက်ရန်၊ ကုန်ပစ္စည်းများကို အချိန်ကြန့်ကြာမှုမရှိစေဘဲ သင်္ဘောတင်နိုင်ရေးဆောင်ရွက်ရန်၊ ပို့ကုန်ပစ္စည်းအရည်အသွေး ထိခိုက်ပျက်စီးမှုမဖြစ်စေရေး အလေးထား ဆောင်ရွက်ရန်၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ကုန်ပစ္စည်းအမျိုးအစားနှင့် အရေအတွက်မှန်ကန်စေရေးဆောင်ရွက်ရန်၊ ပို့ကုန်လုပ်ထုံးလုပ်နည်းဥပဒေနှင့်အညီ တင်ပို့နိုင်ရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၌ တည်ဆောက်ထားသော ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းတို့ကို အိမ်နီးချင်းနိုင်ငံများသို့ ပို့ကုန်တင်ပို့နိုင်သည့် အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချဆိပ်ကမ်းအဖြစ် အကောက်ခွန်ဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်မှ စတင်ခွင့်ပြုခဲ့ပြီး အဆိုပါဆိပ်ကမ်းများမှ အိမ်နီးချင်းနိုင်ငံများသို့ Border Trade ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အကောက်ခွန် ဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာပူး‌ပေါင်းအဖွဲ့ (One Stop Service -OSS) များက ဧပြီ ၂၄ ရက်မှစ၍ တာဝန်ချထား စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်။ ရန်ကုန်တိုင်း‌ဒေသကြီး ထန်းတပင်မြို့နယ်ရှိ မင်းထက်မင်းဆိပ်ကမ်းမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်က အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချဆိပ်ကမ်း အဖြစ် ခွင့်ပြုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်