နေပြည်တော် ဧပြီ ၂၈
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်သုံးသပ်ချက်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အထွေထွေမန်နေဂျာများ တက်ရောက်ကြသည်။
အစဉ်အမြဲအားထုတ်ကြိုးပမ်းနေကြရမည်
အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် အဖွဲ့အစည်းများ၊ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အားသာချက်များကို ဆက်လက်ထိန်းသိမ်းပြီးလာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပိုမိုတိုးတက်အောင်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း အားနည်းချက်များကို ပြန်လည်လေ့လာသုံးသပ်၍ ပိုမိုကောင်းမွန်သည့် လုပ်ငန်းနည်းစနစ်များဖြင့် ဆောင်ရွက်နိုင်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတော်၏ ရည်မှန်းချက်များကို အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ရငွေများကို တိုးမြှင့်ရှာဖွေပေးနေသကဲ့သို့ အစိုးရဌာနများ၏ အသုံးစရိတ်များကိုလည်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျစိစစ်၍ သုံးစွဲနိုင်ရန် ကြီးကြပ်ဆောင်ရွက်ပေးနေရသည့် ဝန်ကြီးဌာနဖြစ်၍ သေချာစွာ စနစ်တကျကြီးကြပ်ဆောင်ရွက်နိုင်မှသာ လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်မှုများမှာ ထိရောက်မှုရှိပြီး နိုင်ငံအတွက် အကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း၊ ဌာနများအနေဖြင့် သတ်မှတ်ထားသည့် ရည်မှန်းချက်များပြည့်မီအောင် ဆောင်ရွက်နိုင်ရေးအတွက် ဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝနေစေရန် အစဉ်အမြဲ အားထုတ်ကြိုးပမ်းနေကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင့်ကြံနေထိုင်၍ နိုင်ငံတော်နှင့်ပြည်သူကို အလုပ်အကျွေးပြုနိုင်သော ပြည်သူ့ဝန်ထမ်းကောင်းများအဖြစ် ခံယူပြီး ကောင်းမြတ်သောစိတ်ထားဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း မှာကြားသည်။
လိုအပ်သည်များကို မှာကြား
ဆက်လက်၍ ဌာနအကြီးအကဲများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရငွေ/သုံးငွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် လုပ်ငန်းဆောင်ရွက်ခဲ့မှုများအပေါ် အားသာချက်နှင့် အားနည်းချက်များ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ရငွေ/သုံးငွေဆိုင်ရာကိစ္စရပ်များနှင့် တင်ဒါအချိန်မီခေါ်ယူရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးများနှင့် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးတို့က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်