နေပြည်တော် ဧပြီ ၂၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများက အွန်လိုင်းဖြင့်တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဧပြီ ၂၂ ရက်တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄) ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားခဲ့သည့် လမ်းညွှန်ချက်များကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဇွန်လတွင် အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ကျောင်းများပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ပရိဘောဂများ ပြည့်စုံကောင်းမွန်စေရေးအတွက် ယခုကတည်းက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်းနှင့် ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်း အပြည့်အဝရရှိစေရေး ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ကျောင်းရှိ စာကြည့်တိုက်များတွင် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများရရှိစေမည့် အကျိုးရှိထိရောက်သော စာအုပ်စာတမ်းများ ဖြည့်ဆည်းဆောင်ရွက်ကြစေလို ပါကြောင်း၊ အခြေခံပညာကျောင်းများတွင် စာသင်ကြားရုံသာမက အားကစားချိန်တွင် အမှန်တကယ် အားကစားပြုလုပ်ကြရန်နှင့် ကျောင်းစာကြည့်တိုက်တွင် စာဖတ်ရန် အချိန်ဇယားတွင် ထည့်သွင်းရေးဆွဲကျင့်သုံးကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းများတွင် အားကစားပြိုင်ပွဲများ ကျင်းပပေးရန်နှင့် စုပေါင်းလုပ်ဆောင်သည့် အလေ့အကျင့်ကောင်းများရရှိရန်အတွက် အသင်းအဖွဲ့ဖြင့် ကစားရသည့် ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ လှေလှော်၊ ပြေးခုန်ပစ် အားကစားနည်းများ ကစားကြစေလိုပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့ ကျောင်းသား ကျောင်းသူများ အမှန်တကယ်ပညာတတ်စေရေး၊ ယဉ်ကျေးလိမ္မာ၍ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ တိုင်းချစ်ပြည်ချစ် စိတ်နှင့် မျိုးချစ်စိတ်ရှိသူများ ဖြစ်စေရေးအတွက် ပြုစုပျိုးထောင်သင်ကြားပေးကြရမည်ဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် အခြေခံပညာကျောင်းများတွင် သာမကတက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင်လည်း လူရည်ချွန်မောင်မယ်များ ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄)ကို ကျင်းပသွားမည်ဖြစ်ရာ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေအတွက်သာမက သင်ကြားသင်ယူမှုအရည်အသွေးကောင်းမွန်ရန် ကြီးကြပ်ပေးရေးနှင့် ကုန်ထုတ်လုပ်မှု အထောက်အကူပြု MSME သင်တန်းများ၊ MSME သုတေသနများလုပ်ဆောင်ရေးအတွက် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြရန်၊ ပူပြင်းသော ရာသီဥတုနှင့် မုန်တိုင်းအန္တရာယ်များကို သတိပြုဆောင်ရွက်ကြရန်၊ ဒီဇင်ဘာလတွင် အမျိုးသားအားကစားပြိုင်ပွဲကျင်းပမည်ဖြစ်၍ ကျောင်းတွင်း အားကစားပြိုင်ပွဲများကို စောစောကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် မှာကြားသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဆရာအတတ် ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်တို့က အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာကဏ္ဍရှိ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်