နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ အတွင်းရေးမှူးစစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌများ ဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Online ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုနှင့် ပတ်သက်၍ “စည်းကမ်းတကျဆင့်ခေါ်မှုကို အလေးထားရန်” လမ်းညွှန်ထားရှိမှုအပေါ် အဆင့်ဆင့်သော ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် အလေးထားလိုက်နာဆောင်ရွက်ကြရန် ဦးစွာမှာကြားလိုကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပြီး ဥပဒေအရ အသက်သတ်မှတ်ချက်နှင့် ကိုက်ညီအကျုံးဝင်သူများအနေဖြင့် သတ်မှတ်ကာလအလိုက် အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး စီမံဆင့်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဖွဲ့များအနေဖြင့်လည်း ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ယနေ့အထိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၉) အထိ သင်တန်းဆင်းခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိကြောင်း၊ ၎င်းတို့ထဲမှ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ သူရဲကောင်းလက်မှတ်၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် အကြီးအကဲများ၏ ချီးကျူးဂုဏ်ပြု လက်မှတ်များရရှိခဲ့သူ ၇၄ ဦးထိရှိပြီဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃) ခု ဖွင့်လှစ်တက်ရောက်လေ့ကျင့်လျက်ရှိကြောင်း။
ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဖွဲ့များအနေဖြင့် လူမှုဆက်ဆံရေးကောင်းမွန်စေရေး၊ ငွေကြေးဆိုင်ရာ မသမာမှုများမရှိစေရေး၊ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်မှုရှိစေရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က စိစစ်ကြပ်မတ်ပေးရန်လိုကြောင်း၊ ထို့အတူ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြိုးစားဆောင်ရွက်နေသူမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို မမှန်သတင်းများဖြင့်လည်းကောင်း၊ တစ်ဆင့်ကြားသိရသည့် သတင်းမှားများဖြင့်လည်းကောင်း တိုင်ကြားမှုများရှိနေသည်ကိုလည်း တွေ့ရှိရကြောင်း၊ မှန်ကန်မှုမရှိဘဲ လုပ်ကြံပြောဆိုဝါဒဖြန့်ခြင်း၊ မမှန်မကန်တိုင်ကြားခြင်းများရှိပါက တိကျစွာဖော်ထုတ်၍ အရေးယူသွားရန်လိုအပ်ကြောင်း၊ မမှန်မကန်တိုင်ကြားသဖြင့် တိုင်ကြားသူကို အရေးယူခဲ့ရသည်များလည်းရှိပြီး အရေးယူရန်ဆောင်ရွက်ဆဲအမှုများလည်းရှိကြောင်း၊ အလားတူ လေ့ကျင့်ရေးသင်တန်းကျောင်းများသို့ မပို့ဆောင်မီစုရပ်များတွင် စိစစ်ရာ၌ အသက်မပြည့်သေးသူများ၊ အသက်ကျော်လွန်သူများတွေ့ရှိရသဖြင့် ပြန်လည်စေလွှတ်ပေးခဲ့ရသည်များရှိ၍ စစ်မှုထမ်းသက်နှင့် အကျုံးဝင်သူများကို သေချာစွာ စိစစ်ဆင့်ခေါ်ရန်လိုအပ်ကြောင်း။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများ၊ ကြားခံလူများက ဥပဒေကို လက်တစ်လုံးခြားဆောင်ရွက်မှုများနှင့် မတရားပြုလုပ်ခြင်းများမှန်ကန်ပါက ထိရောက်စွာ အရေးယူသွားနိုင်ရေးကြပ်မတ်ဆောင်ရွက်သွား ရန်လိုအပ်ကြောင်း၊ လက်ရှိအနေအထားတွင်လည်း အရေးယူပြီး၊ အရေးယူဆဲအမှုများလည်း ရှိနေပါကြောင်း။
ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ပြည်သူလူထုအသိပညာပေးမှုများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးရန်လိုကြောင်း၊ ဗဟိုအဖွဲ့အနေဖြင့် စာရင်းဇယားမှန်ကန်ရန်နှင့် ရေရှည်တွင်မှတ်တမ်းထည့်သွင်းမှုလွယ်ကူစေရန်အတွက် ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ်( National Service Information Management System - NSIMS) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဗဟိုအဖွဲ့အနေဖြင့် နေပြည်တော်ကောင်စီနှင့် ပြည်နယ်၊ တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက တင်ပြလာသည့် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်များနှင့် ပတ်သက်၍ အလေးထားစိစစ်၍ ခွင့်ပြုပေးလျက်ရှိကြောင်း၊ ထိုသို့ ခွင့်ပြုခဲ့သူများမှ ရွှေ့ဆိုင်းခွင့်ပြုခဲ့သူများအား နေပြည်တော်ကောင်စီနှင့် ပြည်နယ်၊ တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် စနစ်တကျ မှတ်တမ်းရေးသွင်း၍ ပြန်လည်ဆင့်ခေါ်ရမည့်အချိန်တွင် ရာနှုန်းပြည့်ပြန်လည်ဆင့်ခေါ်နိုင်ရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း။
သတ်မှတ်အချိန်ကာလအတိုင်း ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး တပ်မတော်မှနုတ်ထွက်ခဲ့သူများမှ ပြန်လည်နေရာချထားမှုခံယူလိုသူများအတွက် “စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ” ကို ဖွဲ့စည်းထားကြောင်း၊ ယင်းစီမံခန့်ခွဲမှုကော်မတီ၏ အောက်တွင် လုပ်ငန်းကော်မတီ (၅) ခု ဖွဲ့စည်းထားရှိပြီး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ စစ်မှုထမ်းကာလပြည့်မြောက်၍ တာဝန်ကျေပွန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများကို သက်ဆိုင်ရာသင်တန်းများပေး၍ အစိုးရအမှုထမ်း၊ ပြည်ပအလုပ်အကိုင်များ၊ ကုမ္ပဏီအလုပ်အကိုင်များ၊ ပုဂ္ဂလိကအလုပ်အကိုင်များ၊ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်များ လုပ်ကိုင်နိုင်ရေး စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
