နေပြည်တော် ဧပြီ ၂၂
လယ်ယာသန်းခေါင်စာရင်း စမ်းသပ်ကောက်ယူမှုစတင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သင်တန်းခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာရင်းကောက်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ပေးကြမည့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်နှင့် ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်းတို့မှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ကိုယ့်အားကိုယ်ကိုးဆောင်ရွက်သွားမည်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နိုင်ငံများ၏ ၁၀ နှစ်တစ်ကြိမ် လယ်ယာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများတွင် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနက ကမ္ဘာ့လယ်ယာ သန်းခေါင်စာရင်း လမ်းညွှန်ချက် (World Census of Agriculture Guidelines) များနှင့်အညီ FAO ၏ နည်းပညာအကူအညီဖြင့် ၁၉၅၃၊ ၁၉၉၃၊ ၂၀၀၃ နှင့် ၂၀၁၀ တို့တွင် တာဝန်ယူအကောင်အထည်ဖော်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကျရောက်ခဲ့သည့် World Census of Agriculture 2020 Round ကို နိုင်ငံပေါင်း ၂၀၈ နိုင်ငံ ပါဝင်ခွင့်ရခဲ့ပြီး ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ယခုဧပြီအထိ ၁၀၇ နိုင်ငံသာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ ဆောင်ရွက်ဆဲ ၂၇ နိုင်ငံနှင့် မြန်မာနိုင်ငံအပါအဝင် ၇၄ နိုင်ငံက ဆောင်ရွက်ရန်ကျန်ရှိနေကြောင်း၊ တစ်နိုင်ငံလုံး၌ မဆောင်ရွက်မီ စမ်းသပ်ကောက်ယူခြင်းကို နိုင်ငံတကာ၏ကျွမ်းကျင်မှုဆိုင်ရာ အကူအညီမပါဘဲ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) ၏ ပဏာမဆန်းစစ်ခြင်းခံယူပြီးဖြစ်သည့် နိုင်ငံတကာစံနှုန်းနှင့်ကိုက်ညီသော မေးခွန်းလွှာသုံးစုံဖြင့် ကိုယ့်အားကိုယ်ကိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ယခု စမ်းသပ်ကောက်ယူမည့် လယ်ယာသန်းခေါင်စာရင်းစီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတော်၏ စားနပ်ရိက္ခာနှင့် လယ်ယာကဏ္ဍ ဖွဲ့စည်းတည်ဆောက်ပုံ (Structure) ကို ဖော်ပြသည့် အချက်အလက်များရရှိစေရန်၊ အဆိုပါအချက် အလက်များဖြင့် စီမံကိန်းရေးဆွဲသူများနှင့် မူဝါဒ ချမှတ်သူများအတွက် စာရင်းအင်းအချက်အလက် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍဆိုရာတွင် မွေးမြူရေးကဏ္ဍသည် အလိုအလျောက်ပါဝင်ခဲ့ပြီး အဆိုပါကဏ္ဍကြီး တစ်ခုလုံးတွင် ပါဝင်လုပ်ကိုင်နေကြသော တောင်သူ လယ်သမားအိမ်ထောင်စုဝင်များ၏ လူမှုစီးပွား အချက်အလက်များ၊ ထုတ်လုပ်မှုဆိုင်ရာစာရင်းအင်း အချက်အလက်များ၊ ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဖော်ပြသော စာရင်းများကိုလည်း တစ်ပါတည်းရယူ တွေ့ရှိနိုင်မည်ဖြစ်ကြောင်း။
အလေးထားဆောင်ရွက်ရန်
စာရင်းကောက်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ကြမည့် ကျောင်းသား ကျောင်းသူများ၊ စာရင်းကောက် ဝန်ထမ်းများကို မှာကြားလိုသည်မှာ မိမိတို့နိုင်ငံ၏ လယ်ယာကဏ္ဍဆိုင်ရာ တိုးတက်မှု၊ ဆုတ်ယုတ်မှု အပေါ် ခန့်မှန်းတွက်ချက်ရမည့် အခြေခံအချက်အလက်များ မှန်ကန်စွာရရှိရေးအတွက် ဆောင်ရွက် ရသည့် လုပ်ငန်းဖြစ်သဖြင့် လွန်စွာအရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်၍ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပညာသင်ယူဆဲကာလတွင် ယခုကဲ့သို့ လယ်ယာကဏ္ဍအတွက် အရေးပါသည့် စာရင်းအင်းကောက်ယူပြုစုခွင့်အတွေ့အကြုံကို မိမိတို့ဘဝတစ်သက်တာ ဖြတ်သန်းဆောင်ရွက်ကြရမည့် လုပ်ငန်းခွင်များတွင် မလွဲမသွေ ထည့်သွင်းအသုံးချ နိုင်ကြမည်ဖြစ်၍ ယခုလုပ်ငန်းစဉ်အပေါ် ကြိုးကြိုးစားစားဖြင့် စိတ်ပါဝင်စားစွာ ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။
စီမံကိန်း၏ အဓိကရည်ရွယ်ချက်
ဆက်လက်၍ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက လယ်ယာ သန်းခေါင်စာရင်းကောက်ယူရေး စမ်းသပ်ကောက်ယူမှုသမိုင်း၊ စမ်းသပ်ကောက်ယူမည့် လယ်ယာ သန်းခေါင်စာရင်း စီမံကိန်း၏ အဓိကရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ စာရင်းကောက်ဝန်ထမ်းများ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် ပျဉ်းမနားစိုက်ပျိုးရေး သိပ္ပံကျောင်းတို့မှ ကျောင်းသား ကျောင်းသူများပါဝင်သော အဖွဲ့များသည် လယ်ယာသန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်း စမ်းသပ်ကောက်ယူမည့် သတ်မှတ်ဒေသများသို့ စတင်ထွက်ခွာကြသည်။
ကွင်းဆင်းကောက်ယူသွားမည်
လယ်ယာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ် ၂၆၇ ခုမှ ကျေးရွာ ၄၃၀၄၆ ရွာတွင် ဆောင်ရွက်ရမည်ဖြစ်သော်လည်း ပထမအဆင့် စမ်းသပ်ကောက်ယူ ခြင်းကို တပ်ကုန်းမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်များမှ ကျေးရွာ ၂၃၂ ရွာရှိ အိမ်ထောင်စု ၄၆၄၀၀ ထံ ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ရာ ပထမအသုတ်အနေဖြင့် ဥတ္တရသီရိမြို့နယ် ကျေးရွာ ၅၇ ရွာမှ အိမ်ထောင်စု ၁၁၄၀၀ ကို ကျေးရွာအုပ်စုဆိုင်ရာ မေးခွန်း ၆၄ ချက်၊ ပင်မလယ်ယာသန်းခေါင်စာရင်း မေးခွန်း ၁၇ ချက်၊ နောက်ဆက်တွဲ လယ်ယာသန်းခေါင်စာရင်းမေးခွန်းလွှာ ၁၅၂ ချက်ကို မေးမြန်း ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်