Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အကြတ်နေ့ကို ပျော်ရွှင်စွာဆက်လက်ဆင်နွှဲ

နေပြည်တော် ဧပြီ ၁၅

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကြတ်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲလျက်ရှိသည်။

မဟာသင်္ကြန်အကြတ်နေ့တွင် နေပြည်တော်ဇေယျာသီရိရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုရေကစားမဏ္ဍပ်၌ နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၊ မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များက သီဆိုကပြဖျော်ဖြေကြရာ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အရာရှိ၊ စစ်သည်/မိသားစုများနှင့်အတူ ကြည့်ရှုအားပေးပြီး အတာရေသဘင်ပွဲတော်ကို အတူတကွဆင်နွဲကြပြီး သီဆိုကပြဖျော်ဖြေကြသည့် အနုပညာရှင်များနှင့် ယိမ်းအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။ အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်း အိမ်ထောင်သည် လိုင်းများအနီးရှိ စိန်ပန်းမိသားစုရေကစားမဏ္ဍပ်နှင့် မန်ကျည်းရိပ်မိသားစု ရေကစားမဏ္ဍပ်တို့၌လည်း ရေပက်ခံသူများ၊‌ ရေပက်ကစားသူများဖြင့် အထူးစည်ကားလျက်ရှိပြီး မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင်များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေကာ ရေကစားမဏ္ဍပ်များတွင် စတုဒီသာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကစားမဏ္ဍပ်အသီးသီးတို့၌ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက အတာသင်္ကြန်ယိမ်းအကအဖွဲ့များ၏ ယှဉ်ပြိုင်ဖျော်ဖြေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး ပါဝင်ဆင်နွှဲကြသည်။

၎င်းအပြင် နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိရေကစားမဏ္ဍပ်များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိရေကစားမဏ္ဍပ်များ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိရေကစားမဏ္ဍပ်များ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိရေကစားမဏ္ဍပ်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် မန္တလေးမြို့ရှိ ရေကစားမဏ္ဍပ်များ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အတာရေသဘင်ပွဲ ဆင်နွှဲကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့်အဖွဲ့ဝင်များကသွားရောက်၍ အတာသင်္ကြန်ယိမ်းအကအဖွဲ့များ၏ ယှဉ်ပြိုင်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ကြသည်။

ထို့ပြင် နေပြည်တော်လမ်းလျှောက်သင်္ကြန်နှင့် ရေပန်းဥယျာဉ်၊ လှေခွင်းတောင်အပန်းဖြေစခန်း၊ ရန်ကုန်လမ်းလျှောက်သင်္ကြန်၊ မန္တလေးလမ်းလျှောက်သင်္ကြန်တို့အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အထင်ကရနေရာများ၌ လာရောက်အပန်းဖြေအနားယူနေသော ပြည်သူများဖြင့်စည်ကားလျက်ရှိပြီး စားသောက်ဆိုင်များ၊ ဒေသထွက်ကုန်ရောင်းချနေသော ဈေးဆိုင်များဖွင့်လှစ်ထားရှိကာ စည်ကားသိုက်မြိုက်လျက်ရှိသည်။

၎င်းအပြင် ရေသဘင်ဆင်နွှဲကြသူများအား စတုဒီသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ပျော်ရွှင်စွာရေပက်ကစားခြင်းတို့ဖြင့် အတာရေသဘင်ပွဲတော်ကို ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။