နေပြည်တော် ဧပြီ ၁၃
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများ ပြည်သူအနှောင့်အယှက်ဖြစ်စေမည့်ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ဧပြီ ၁၂ ရက်တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက် စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ရွှေလင်ဘန်းကျေးရွာနေသူများဖြစ်သည့် “Aung Khant” Facebook အကောင့် ပိုင်ရှင်ဖြစ်သူ အေးမင်းအောင်နှင့် “Myint Soe Soe” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ စိုးစိုးမြင့်တို့အား မွန်းလွဲ ၁ နာရီတွင်လည်းကောင်း၊ “User @ 4444088861145” Tik Tok အကောင့်ပိုင်ရှင်ဖြစ်သူ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့နေဝင်းကိုအား မွန်းလွဲ ၃ နာရီ ၅၅ မိနစ်တွင်လည်းကောင်း သက်ဆိုင်ရာရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်