Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာ့ရိုးရာ အတာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲများ ပြုလုပ်

နေပြည်တော် ဧပြီ ၁၃

မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ တိုင်းစစ်ဌာနချုပ်များ၌ ယနေ့ညနေပိုင်းတွင် ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှဝန်ကြီးချုပ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟို အကြံပေးအဖွဲ့၊ အဖွဲ့ဝင်များ၊ တိုင်းမှူးများ၊ တိုင်းစစ်ဌာနချုပ်များမှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ယိမ်းအကအဖွဲ့များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

ထိုသို့ ရေကစားမဏ္ဍပ်ဖွင့်ပွဲများကို ကျင်းပပြုလုပ်ကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် စုပေါင်းအတာရေသဘင်မဏ္ဍပ်၌လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာအတာသင်္ကြန် ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရွှေနေကြာသင်္ကြန်မဏ္ဍပ်၌လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဗဟိုမဏ္ဍပ်၊ ခိုလမ်မြို့ဗဟိုမဏ္ဍပ်၊ နမ့်စန်မြို့နယ်ဗဟိုမဏ္ဍပ်နှင့် နမ့်စန်တပ်နယ်ဗဟိုမဏ္ဍပ်တို့၌လည်းကောင်း၊ ကျိုင်းတံမြို့ရှိ မြန်မာ့ရိုးရာမဟာအတာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် မဟာအတာသင်္ကြန်ဗဟို မဏ္ဍပ်တို့၌လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော် ရေကစား မဏ္ဍပ်၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာမဟာင်္ကြန် ပုလဲရွှေပြည်ရေကစားမဏ္ဍပ်၌လည်းကောင်း၊ ကျောက်တံခါးမြို့နယ် မြို့တော်ခန်းမရှေ့ရှိ ရန်ကုန် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်၊ ဒဂုံမြို့နယ်ပြည်သူ့ရင်ပြင်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ မိသားစုမဟာသင်္ကြန်ရေသဘင် ပွဲတော်မဏ္ဍပ်တို့၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်မဏ္ဍပ်၌လည်းကောင်း၊ စစ်တွေမြို့ရှိ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၌လည်းကောင်း၊ မန္တလေးမြို့ရှိဈေးချိုသူ မဟာသင်္ကြန်မဏ္ဍပ်နှင့် မင်္ဂလာမန္တလေးမြန်မာ့ရိုးရာလမ်းလျှောက် အတာသင်္ကြန်ဖွင့်ပွဲ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ နန်းမြို့သူမဟာသင်္ကြန်ပွဲတော် ရေကစားခြင်းနှင့် နန်းမြို့သူ ဖျော်ဖြေရေးမဏ္ဍပ်၊ မန္တလေးမြို့တော်မဟာင်္ကြန်မဏ္ဍပ်တို့၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ လည်းကောင်း အသီးသီးပြုလုပ်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင်များနှင့်တိုင်းစစ်ဌာနချုပ် အသီးသီးမှတိုင်းမှူးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် အတာသင်္ကြန်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ယိမ်းအကအလှများဖြင့် ယှဉ်ပြိုင်ကပြဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်းနှင့် ပျော်ရွှင်စွာရေပက် ကစားခြင်းတို့ဖြင့် အတာရေ သဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိ သည်။

သတင်းစဉ်