Skip to main content

မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုစစ်သမိုင်းပြတိုက်နှင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်တက္ကသိုလ်သို့ သွားရောက်လေ့လာ

နေပြည်တော် ဧပြီ ၁၃

ဒုတိယအကြိမ် ရုရှား-မြန်မာ ပူးတွဲအကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နေ့လယ်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုစစ်သမိုင်းပြတိုက် (Central Museum of the Armed Forces of the Russian Federation) သို့ သွားရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများက ကြိုဆို၍ Senior Researcher Kostantin Morozov က ပြတိုက်အတွင်း လိုက်လံရှင်းလင်းပြသသည်။ ဗဟိုစစ်သမိုင်းပြတိုက်ရှိ ဒုတိယကမ္ဘာစစ်အတွင်း စစ်ပွဲဆိုင်ရာမှတ်တမ်း များနှင့် အောင်ပွဲရအထိမ်းအမှတ်များ ပြသထားသည့် Victory Hall၊ ၁၉၄၆ ခုနှစ်မှ လက်ရှိကာလအထိ ရုရှားတပ်မတော်၏ လှုပ်ရှားဆောင်ရွက်မှု သမိုင်းမှတ်တမ်းများအား ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

ထို့နောက် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန စစ်တက္ကသိုလ်သို့ ဆက်လက်သွားရောက်ခဲ့ရာ စစ်တက္ကသိုလ်ဒုတိယကျောင်းအုပ်ကြီး Major General Viktor Vasilyevich Shulyak နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။ထို့နောက် ဗိုလ်လောင်းများအား လေ့ကျင့်သင်ကြား‌ပေးသည့် ဌာနများဖြစ်သော မော်တော်ယာဉ်ဌာန၊ နည်းဗျူဟာဌာန၊ UAV နည်းပညာဆိုင်ရာသင်ကြားပို့ချမှု၊ ဆင်မြူလေတာဖြင့် လက်တွေ့ပစ်ခတ်တိုက်ခိုက်လေ့ကျင့်မှု၊ ရှေးဦးသူနာပြုစုခြင်းဆိုင်ရာ သင်ကြားပို့ချမှုများ၊ ဗိုလ်လောင်းအိပ်ဆောင်နှင့် စာသင်ခန်းများအား လေ့လာကြည့်ရှုခဲ့ပြီး ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန စစ်တက္ကသိုလ်မှ တာဝန်ရှိသူများနှင့်အတူ တရင်းတနှီး စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

မြန်မာ့တပ်မတော်ကိုယ်စား လှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်း တွင် မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ (မော်စကို) သို့သွားရောက်၍ သဒ္ဓမ္မဇောတိကာသိမ်တော်၌ ဓမ္မကထိကဗဟုဇနဟိတဓရ မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ ဒေါက်တာအစ္ဆရိယ၊ လက်ထောက်ကျောင်းထိုင် မဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တနန္ဒမာလာလင်္ကာရနှင့် သံဃာတော်အရှင်သူမြတ်များ ထံမှငါးပါးသီလခံယူဆောက်တည်ခြင်း၊ တရားတော်နာယူကြည်ညိုခြင်း၊ သံဃာတော်အရှင် သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်အရှင်သူမြတ်များမှ အနုမောဒနာတရား မိန့်ကြားခြင်းနှင့် ရေစက်သွန်းချအမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ပြီး သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့တွင် ပညာသင်ကြားလျက်ရှိသော မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိ ခေါင်းဆောင်များအားတွေ့ဆုံ၍ အမှာစကားပြောကြား ခြင်းများပြုလုပ်၍ စုပေါင်းအမှတ် တရဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်