Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ နေပြည်တော်နည်းပညာတက္ကသိုလ်တွင် ကျင်းပပြုလုပ်သည့် အစားအသောက်ဘေးကင်းလုံခြုံရေး အခြေခံသင်တန်း အမှတ်စဉ် (၃) သင်တန်းဆင်းပွဲ တက်ရောက်

နေပြည်တော် ဧပြီ ၁၃

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်နည်းပညာတက္ကသိုလ်၌ကျင်းပသည့် အစားအသောက် ဘေးကင်းလုံခြုံရေး အခြေခံသင်တန်း အမှတ်စဉ် (၃) သင်တန်းဆင်းပွဲသို့ တက်ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတော်ကချမှတ်ထားသော အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် စားရေရိက္ခာဖူလုံရေးကို အထောက်အကူပြုနိုင်ရေး၊ လူမှုရေးဦးတည် ချက်ဖြစ်သည့် တစ်မျိုးသားလုံးသက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ကျန်းမာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး၊ ဒေသထွက်တန်ဖိုးမြှင့် MSME စားသောက် ကုန်လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အစားအသောက် ဘေးကင်းလုံခြုံရေးသည် အခြေခံအချက်တစ်ခု ဖြစ်ပါကြောင်း၊ Food Science and Technology နှင့် Food Security ဆိုင်ရာ သင်တန်းများနှင့် အသိပညာပေးပွဲများ၊ နှီးနှောဖလှယ်ပွဲများကို ယခုထက် ပိုမိုကျယ်ပြန့်ထိရောက်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

သင်တန်းသားများအနေဖြင့် ယခုသင်တန်းက လေ့လာသိရှိခဲ့ရသည့် အစားအသောက် ဘေးကင်း လုံခြုံရေးဆိုင်ရာ အသိအမြင်များကို သက်ဆိုင်ရာလုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိလျှင် အကျိုးရှိစွာပြန်လည်အသုံးချခြင်းအပြင် လုပ်ဖော်ကိုင်ဖက်များနှင့် ပတ်ဝန်းကျင်ရှိ အခြားလုပ်ငန်းရှင်များနှင့် ပြည်သူများထံ ဆက်လက်ဖြန့်ဝေ ပေးရန်လိုအပ်ပါကြောင်း၊ မကြာမီ ကျရောက်တော့မည့် ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်မင်္ဂလာ အခါသမယမှစ၍ လုပ်ငန်းများအောင်မြင်တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည်တာဝန်ရှိသူများထံစာကြည့်တိုက်အတွက် ဘာသာရပ်ဆိုင်ရာစာအုပ်များလှူဒါန်းပေးအပ်ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြသည်။ ထို့နောက် သင်တန်းသားများ ကိုယ်စားနေပြည်တော်မှ ရာပြည့်မျှစ်ထုတ်လုပ်ရေးလုပ်ငန်းရှင်နှင့် သင်တန်းသူများကိုယ်စား စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ စိုက်ပျိုးရေးထုတ်ကုန်များ အရည်အသွေးစစ်ဆေးရေး ဓာတ်ခွဲခန်း (နေပြည်တော်) မှ တာဝန်ရှိ သူတစ်ဦးက ကျေးဇူးတင်စကားများ ပြောကြားကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာဌာနများရှိ အလုပ်ရုံများကိုလည်းကောင်း၊ တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်စေရေးဆောင်ရွက်ထားမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားကြောင်း သိရသည်။

သတင်းစဉ်