နေပြည်တော် ဧပြီ ၁၃
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက မြန်မာ့မီးရထား နေပြည်တော်ဘူတာကြီးဝင်းအတွင်းကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအမှူးများနှင့်ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
နှစ်စဉ်ကျင်းပခြင်းဖြစ်
ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ၁၂ လရာသီ ပွဲတော်များအနက် သင်္ကြန်ပွဲတော်သည် ပြည်သူများအားလုံး လွတ်လပ်စွာပါဝင်ဆင်နွှဲသော ထူးခြားသည့်ရိုးရာပွဲတော်ဖြစ်ကြောင်း၊ ပုဂံခေတ်မှ ယနေ့ခေတ်အထိနှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပလာကြပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး သင်္ကြန်ရေပက်ဖျန်းခြင်းသည် နှစ်ဟောင်းတွင် ကိန်းအောင်းနေသည့် ဘေးဥပဒ်အန္တရာယ်များ၊ စိတ်ဆိုးစိတ်ညစ်များ ပပျောက်ကင်းစင်ပြီး သန့်ရှင်းစေရန်ရည်သန်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဘိုး/ဘွားတို့၏ ကောင်းမြတ်သော ရိုးရာယဉ်ကျေးမှုအစဉ်အလာကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရန်နှင့် နှစ်သစ်တွင် ဝန်ထမ်းများခွန်အားသစ်များ ပြည့်ဝလန်းဆန်းစေရန် ယခုကဲ့သို့အတာရေသဘင်ပွဲကို နိုင်ငံတစ်ဝန်းနှစ်စဉ်ကျင်းပခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအားလုံး ကျန်းမာရွှင်လန်းကြပါစေကြောင်း ပြောကြားသည်။
အကများဖြင့်ဖျော်ဖြေ
ထို့နောက် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ရေကစားမဏ္ဍပ်ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်၍ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများ၏ ယိမ်းအဖွဲ့များက သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေခဲ့ကြောင်းသိရသည်။
သတင်းစဉ်