နေပြည်တော် ဧပြီ ၉
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများ တက်ရောက်ကြသည်။
မြန်မာနိုင်ငံတစ်နိုင်ငံတည်း၌သာ ပြဋ္ဌာန်းခြင်းမဟုတ်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်အလို့ငှာ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန်နှင့် စစ်ပညာသင်ကြားရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဥပဒေအမှတ်(၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အမိန့်ကြော်ငြာစာအမှတ် (၂၄/၂၀၂၄) ဖြင့် အာဏာတည်သည့်ရက်အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို မြန်မာနိုင်ငံတစ်နိုင်ငံ တည်း၌သာ ပြဋ္ဌာန်းခြင်းမျိုးမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအများအပြား၌ ပြဋ္ဌာန်းကျင့်သုံးလျက်ရှိပါကြောင်း။
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ကင်းလွတ်ခွင့်ရရှိသူများ၊ ယာယီရွှေ့ဆိုင်းခွင့်ရှိသူများ၊ စစ်မှုထမ်းဆောင်ရမည့် အသက်အပိုင်းအခြားများ၊ စစ်မှုထမ်းကာလ၊ စစ်မှုထမ်းကာလအတွင်း အကျိုးခံစားခွင့်တို့ကို ဝန်ထမ်းများသိရှိရန် ရှင်းလင်းချပြသွားမည်ဖြစ်ပါကြောင်း၊ လူမှုကွန်ရက်စာမျက်နှာများနှင့် အဖျက်အမှောင့် မီဒီယာများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မဟုတ်မမှန် သတင်းတု၊ သတင်းမှားများ ရေးသားဖော်ပြနေသည့်အတွက် ဝန်ထမ်းများအနေဖြင့် အယုံမလွယ်စေရေး ဥပဒေပါအချက်အလက်များ၊ ပြဋ္ဌာန်း ချက်များကို မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ သိရှိရန်လိုအပ်ပါကြောင်း။
စစ်မှုထမ်းဥပဒေလက်ဆင့်ကမ်းမျှဝေ
ပြည်သူ့စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်ဆောင်ရွက်နေသည့်အခြေအနေကို နည်းအမျိုးမျိုးဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေပြီး နှောင့်ယှက်ဆောင်ရွက်ခြင်းများရှိသည့်အတွက် မိသားစုဝင်များအနေဖြင့် စိုးရိမ်ပူပန်မှုများရှိနိုင်ပါကြောင်း၊ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ကင်းလွတ်ခွင့်ပြုသူများ၊ ရွှေ့ဆိုင်းခွင့်ပြုနိုင်သူများ၊ လျှော့ပေါ့ခွင့်ပြုနိုင်သူများ၏ စည်းကမ်းသတ်မှတ်ချက် နောက်ဆုံးအခြေအနေကို ပြည်သူများသိရှိအောင် သတင်းစာများတွင် ဖော်ပြထားပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဥပဒေကို လိုက်နာရသကဲ့သို့ နိုင်ငံတော်ကပြဋ္ဌာန်းထားသည့် ဥပဒေများ၊ အမိန့်ညွှန်ကြားချက်များကိုလည်း လိုက်နာရန် လိုအပ်ပါကြောင်း၊ မိမိပတ်ဝန်းကျင်ရှိ ပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် စစ်မှုထမ်းဥပဒေပါ ရည်ရွယ်ချက်များ၊ ပြဋ္ဌာန်းချက်များကို လက်ဆင့်ကမ်းမျှဝေပေးခြင်းဖြင့် နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးအတွက် ကျရာအခန်းကဏ္ဍမှ ကျေပွန်စွာထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ အသိပညာပေးရှင်းလင်းဆွေးနွေးပြီး ဝန်ထမ်းများကသိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။
သတင်းစဉ်