နေပြည်တော် ဧပြီ ၉
မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်(အီးအီးစီ)တို့အကြား ၂၀၂၃ ခုနှစ် ဇွန် ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သော ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးနှင့် ဆက်စပ်အစီအစဉ်များကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပသည်။
ဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ မစ္စတာကလာဘူကော့ဗ် ပါဗယ်လ်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကြသည်။
ထို့နောက် ဥရောပအာရှစီးပွားရေးကော်မရှင်၊ မေခရိုစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာဆာဂေး ဂလေးဇီးယပ်က ဥရောပအာရှစီးပွားရေးကော်မရှင်၏ ပေါင်းစည်းရေးလုပ်ငန်းဆောင်ရွက်ချက်များနှင့် နည်းပညာ၊ စီးပွားရေး၊ အဖွဲ့အစည်းဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာရှုထောင့်များမှ မဟာဥရောပအာရှ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဥရောပအာရှ စီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များက မိမိတို့၏ကုမ္ပဏီများအကြောင်းကို မိတ်ဆက်ရှင်းလင်းပြောကြားသည်။
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့အကြား လက်မှတ်ရေးထိုးခဲ့သော ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကိုကျင်းပသည်။ အစည်းအဝေးသို့ ဥရောပအာရှစီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဆာဂေးဂလေးဇီးယပ်နှင့် ကိုယ်စားလှယ်အဖွဲ့က လူကိုယ်တိုင်တက်ရောက်ခဲ့ပြီး ဥရောပအာရှစီးပွားရေးကော်မရှင်၊ စိုက်ပျိုးရေးဆိုင်ရာမူဝါဒဌာန၊ စက်မှုရေးရာမူဝါဒဌာန၊ ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံဌာန၊ စွမ်းအင်ကုန်သွယ်ရေးဖွံ့ဖြိုးမှုဌာန၊ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးမှုဌာန၊ သတင်းအချက်အလက်နည်းပညာဌာနနှင့် စီးပွားရေးကောင်စီတို့မှ ကိုယ်စားလှယ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
အဖွင့်အမှာစကားပြောကြား
ပူးတွဲလုပ်ငန်းအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌများဖြစ်သည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် မစ္စတာဆာဂေး ဂလေးဇီးယပ်တို့က အဖွင့်အမှာစကားပြောကြားကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ပိုမိုထိရောက်မှုရှိစေရန်နှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးပူးပေါင်းမှုများကို ဖော်ထုတ်သတ်မှတ်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာကို ၂၀၂၃ ခုနှစ် ဇွန်လအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပခဲ့သည့် (၂၆)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း။
စီးပွားရေးတိုးတက်အောင် ဆောင်ရွက်လျက်ရှိ
ဒေသဆိုင်ရာ စီးပွားရေးပူးပေါင်းမှုအခက်အခဲများကို ပေါင်းစည်းညီညွတ်မှုနှင့် ဆက်သွယ်ချိတ်ဆက်မှုတို့ဖြင့် ရင်ဆိုင်ကျော်လွှား၍ စီးပွားရေးတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ (အီးအေအီးယူ)အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲနေပြီဖြစ်သည့်အတွက် ကုန်သွယ်ရေးနှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်အဖွဲ့ဝင်နိုင်ငံများနှင့်လည်း ယခုကဲ့သို့ ဆောင်ရွက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
အစည်းအဝေးတွင် ကဏ္ဍအလိုက် အပြန်အလှန်ဆွေးနွေးမှုများသည် အီးအေအီးယူအဖွဲ့ဝင်နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား အစိုးရအချင်းချင်းချစ်ကြည်ရင်းနှီးမှုများ တည်ဆောက်နိုင်ရုံသာမက စီးပွားရေးအဆက်အသွယ်ကောင်းများထူထောင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများလည်း တိုးတက်ရရှိလာမည်ဟု ယုံကြည်ကြောင်း၊ အစိုးရအနေဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေး၊ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ သံနှင့် သံမဏိ၊ တန်ဖိုးမြင့်စားသောက်ကုန်များ၊ လျှပ်စစ်ကားနှင့် အခြားထုတ်လုပ်မှုများကို အဓိက ဦးစားပေးနယ်ပယ်များအဖြစ်သတ်မှတ်၍ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အစည်းအဝေးသည် မြန်မာနိုင်ငံနှင့် အီးအေအီးယူ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပိုမိုအားကောင်းလာစေရန် အထောက်အကူဖြစ်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ပူးပေါင်းဆောင်ရွက်ရန်အတွက် ဖိတ်ခေါ်
ယင်းနောက် မစ္စတာ ဆာဂေးဂလေးဇီးယပ်က ဥရောပအာရှစီးပွားရေးကော်မရှင်နှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး တစ်နှစ်ကျော်အတွင်း အပြုသဘောဆောင်သော အပြန်အလှန်ဆက်ဆံရေးများရရှိခဲ့ကြောင်း၊ ယနေ့ကျင်းပသည့် ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးသည် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာတွင်ပါရှိသော ဦးစားပေးကဏ္ဍများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ကြောင်း၊ ဥရောပအာရှစီးပွားရေးသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် အပြုသဘောဆောင်သည့် လမ်းကြောင်းများပေါ်ထွက်လာသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံမှအစိုးရ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ စီးပွားရေးကျွမ်းကျင်သူများနှင့် လုပ်ငန်းရှင်များကို အတူတကွပူးပေါင်းဆောင်ရွက်ရန်အတွက် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ဥရောပအာရှစီးပွားရေးကော်မရှင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ကဏ္ဍအလိုက်ဆွေးနွေးကြသည်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်နှစ်ဦးနှင့် အီးအီးစီမှ ကိုယ်စားလှယ်နှစ်ဦးတို့က စက်မှုနှင့် စိုက်ပျိုးရေးဆိုင်ရာ စက်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် အီးအီးစီတို့မှ ကိုယ်စားလှယ်တစ်ဦးစီတို့က ဘဏ္ဍာရေးနှင့်ငွေပေးချေမှု ပူးပေါင်းဆောင်ရွက်ရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံနှင့် အီးအီးစီတို့မှကိုယ်စားလှယ်တစ်ဦးစီတို့က ပို့ဆောင်ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်နှစ်ဦးနှင့် အီးအီးစီမှ ကိုယ်စားလှယ်တစ်ဦးတို့က စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံနှင့်အီးအီးစီတို့မှ ကိုယ်စားလှယ်တစ်ဦးစီတို့က ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်နှစ်ဦးနှင့်အီးအီးစီမှ ကိုယ်စားလှယ်တစ်ဦးတို့က ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ပူးပေါင်းဆောင်ရွက်မှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးနှင့် အီးအီးစီမှ ကိုယ်စားလှယ်နှစ်ဦးတို့က ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အပြန်အလှန်ဆွေးနွေးကြသည်။
ထို့နောက် ပူးတွဲဥက္ကဋ္ဌများက ပထမအကြိမ်အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ချက်နှင့် ပူးတွဲလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးကျင်းပမည့်နေ့ရက်နှင့် နေရာတို့ကို အတည်ပြုသည်။
အဆိုပါအစည်းအဝေးသို့ ကဏ္ဍအလိုက်သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် ကိုယ်စားလှယ်များ၊ ဥရောပအာရှစီးပွားရေးကော်မရှင်မှ ကိုယ်စားလှယ်များနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂမှ စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ကျော် တက်ရောက်သည်။
သတင်းစဉ်