နေပြည်တော် ဧပြီ ၉
ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့နံနက် ၉ နာရီခွဲက ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှုသည် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် လေဖြတ်ရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းရောဂါအစရှိသည့် မကူးစက်နိုင်သောရောဂါများဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပါကြောင်း၊ မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားမှုမှာ ကပ်ရောဂါအသွင်အဖြစ် အလျင်အမြန်တိုးတက်များပြားလျက်ရှိပြီး ယင်းရောဂါများကို ကုသရန်အတွက် ငွေကြေးမြောက်မြားစွာ သုံးစွဲနေရသည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော အဟန့်အတားတစ်ခုဖြစ်စေသလို နိုင်ငံ၏ ကျန်းမာရေးစနစ်အပေါ်တွင်လည်း ကြီးမားသော ဝန်ထုပ်ဝန်ပိုးဖြစ်စေပါကြောင်း။
အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆေးရွက်ကြီး စိုက်ပျိုးမှုနှင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုကို စနစ်တကျကန့်သတ် ထိန်းချုပ်ဆောင်ရွက်လာသည့်အတွက် ဆေးရွက်ကြီးနှင့် ဆေးရွက်ကြီးထွက်ပစ္စည်း စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ပစ်မှတ်ထား၍ ရင်းနှီးမြှုပ်နှံလာကြသည်ကို တွေ့ရှိရပါကြောင်း၊ ဆေးရွက်ကြီးစိုက်ပျိုးရာတွင် ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာ အလွန်အကျွံသုံးစွဲရသည့်အတွက် မြေဆီလွှာကို ပြုန်းတီးစေပြီး စိုက်ပျိုးမြေများကို ကန္တာရအသွင်ပြောင်းစေသည့်အတွက် အကျိုးဆက်အနေဖြင့် စားရေရိက္ခာရှားပါးမှုကို ပိုမိုဆိုးရွားစေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီးထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းကို ၂၀၀၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်း၍ လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန် ဆောင်ရွက်လျက်ရှိပါကြောင်း။
ဥပဒေပါရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်အတွက် ဗဟိုအဖွဲ့ကို ဥပဒေအရ ပြည်ထောင်စု အစိုးရအဖွဲ့က ဖွဲ့စည်းတာဝန်ပေးအပ်ထားခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၄/၂၀၂၃ အရ ဗဟိုအဖွဲ့အသစ်ကို အဖွဲ့ဝင် ၃၀ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ဥပဒေပါရည်ရွယ်ချက်များကို ပိုမိုမြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းရန်နှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ထို့ပြင် အသစ်ပေါ်ထွက်လာသည့် အီးစီးကရက်ကဲ့သို့သော အီလက်ထရောနစ် အငွေ့ရှူစက်များ သုံးစွဲမှုသည် ကျန်းမာရေးကို ထိခိုက်စေသည့်အတွက် လူငယ်များအနေဖြင့် အဆိုပါအီလက်ထရောနစ်အငွေ့ရှူစက်များ သုံးစွဲမှုမှ ကာကွယ်တားဆီးရန်အတွက် လိုအပ်သော မူဝါဒ၊ အစီအမံနှင့် ဥပဒေပြဋ္ဌာန်းချက်များ ချမှတ်ရန် လိုအပ်လျက်ရှိပါကြောင်း၊ နိုင်ငံတကာ အတွေ့အကြုံများအရ ဆေးလိပ်ဈေးနှုန်း မြင့်လေ၊ သုံးစွဲမှုလျော့ကျလေဖြစ်သည့်အတွက် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်းကိုလည်း အားဖြည့်ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ အတွင်း ရေးမှူး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက ဗဟိုအဖွဲ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းအကျဉ်းနှင့် ဥပဒေပါဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်ဝတ္တရားများနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ဗဟိုအဖွဲ့ အဖွဲ့ဝင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာကျော်ကံကောင်းက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။
တင်ပြဆွေးနွေးချက်များအပေါ် ညှိနှိုင်းဆွေးနွေး၍ အစည်းအဝေးမှ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်