Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဧပြီ ၉

ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် သံရုံးယာယီတာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများအား ယနေ့နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ပသို့သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် သံရုံးယာယီတာဝန်ခံများ၊ အရာထမ်း၊ အမှုထမ်းများက ၎င်းတို့သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံများနှင့် ယခုသွားရောက်တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကို ရှင်းလင်းတင်ပြကြသည်။

မျက်ခြည်မပြတ် စောင့်ကြည့်နေရမည်

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် မိမိနိုင်ငံ၏အားသာချက်၊ အားနည်းချက်များကို မှန်မှန်ကန်ကန်သိရှိရန် လိုအပ်သကဲ့သို့ သွားရောက်တာဝန်ထမ်းဆောင်မည့် နိုင်ငံအကြောင်းကိုလည်း သိရှိထားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ဖြစ်ပေါ်ပြောင်းလဲနေမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်နေရမည်ဖြစ်ပြီး ပြောင်းလဲမှုအပေါ်မူတည်၍ လိုက်လျောညီထွေအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် မိမိနိုင်ငံ၏အကျိုးဖြစ်ထွန်းအောင်၊ ဆက်ဆံရေးတိုးတက်အောင် ဝန်ထမ်းများအနေဖြင့် မိမိ၏ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ သံတမန်တစ်ဦးအနေဖြင့် အနည်းဆုံးဘာသာစကား နှစ်မျိုးတတ်မြောက်ထားရမည်ဖြစ်ပြီး သွားရောက်တာဝန်ထမ်းဆောင်မည့် နိုင်ငံ၏ဘာသာစကားကိုလည်း တတ်နိုင်သမျှ ကြိုးစားလေ့လာသင်ယူစေလိုကြောင်း၊ သံတမန်တစ်ဦးတွင် ရှိသင့်ရှိထိုက်သော အရည်အသွေး (Diplomatic Characteristic)များကို မြင့်မားအောင် ကြိုးစားကြရန်လိုအပ်ကြောင်း၊ သံတမန်တစ်ဦး၏ အရေးအကြီးဆုံးသော အရည်အသွေးသည်သစ္စာရှိမှု (Loyalty)ဖြစ်ကြောင်း၊ သံတမန်များအနေဖြင့် Communication Skill ၊ Language Skill ၊ Negotiation Skill အရည်အသွေးများကို အစဉ်လေ့ကျင့်၍ လေ့လာဆည်းပူးနေကြရန်နှင့် မြော်မြင်စဉ်းစားချင့်ချိန်နိုင်သည့် Strategic Thinking ၊ သတ္တိနှင့် ယုံကြည်မှု (Courage and Confidence)တို့ ရှိရန်လည်း အရေးကြီးကြောင်း။

သိရှိလိုက်နာဆောင်ရွက်

သံတမန်များသည် ကြီးမားသောပြဿနာများကို အနည်းဆုံးအင်အားဖြင့် ရင်ဆိုင်ဖြေရှင်းကြရသူများဖြစ်သည့်အတွက် သတ္တိနှင့်ယုံကြည်မှုမရှိလျှင် အောင်မြင်မှုမရနိုင်ကြောင်း၊ မိမိ၏အပြုအမူ၊ အနေအထိုင်၊ အသွားအလာများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည့်အတွက် သိက္ခာ၊ သမာဓိရှိရန်နှင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိမှသာ အခြားသံတမန်များကို ဆွဲဆောင်စည်းရုံးနိုင်မည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် လုပ်သင့်သည်ကိုလုပ်ရန်နှင့် မလုပ်သင့်သည်ကိုမလုပ်ရန် (Do and Don’t)များကို သိရှိလိုက်နာဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ရာထူးအဆင့်အပေါ်မူတည်ပြီး Duty and Function အတိုင်း တာဝန်ထမ်းဆောင်မည်ဖြစ်သော်လည်း Collective Effort ဖြင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ သူတစ်ပါးအကျိုးကို ပျက်စီးစေပြီးမှ မိမိအကျိုး ဖြစ်စေမည့်ကိစ္စရပ်များ မလုပ်မိစေရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်မှုရှိရန်နှင့် ကျန်းမာရေးကို အထူးဂရုစိုက်ရန်လည်း မှာကြားလိုကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်